ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ အန်စီအေ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်တစ်ခုလုံးကို ဖောက်ဖျက်နေတယ်လို့ ကေအန်ယူ -မူတြော်ခရိုင် KNLA တပ်မဟာ (၅)က ထုတ်ပြန်ကြေညာပါတယ်။
စစ်တပ်ရဲ့ လုပ်ရပ်တွေဖြစ်တဲ့ တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ထားတာ၊ နိုင်ငံ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားပြည်သူတွေကို အကြမ်းဖက်ဖမ်းဆီး ပစ်ခတ်သတ်ဖြစ်နေတာတွေကသာ အန်စီအေစာချုပ်ပါ အချက်တွေတင်မက စာချုပ်တစ်ခုလုံးကို ချိုးဖောက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ကပြီး KNLAတပ်မဟာ (၅) ထိန်းချုပ်နယ်မြေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ အတွက် ကရင်ကျေးရွာတွေက ပြည်သူ တချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိခဲ့သလို သောင်းနဲ့ချီတဲ့ရွာသား တွေလည်း ဘေးလွတ်ရာ ထွက်ပေးတိမ်းရှောင်နေကြရတာပါ။
အဲဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက KNLAတပ်မဟာ(၅)အနေနဲ့ ငြိမ်းချမ်းရေးမလိုလားဘဲ ခေါင်းမာနေပြီး အန်စီအေ စာချုပ်ကို ချိုးဖောက်နေတာကြောင့် လေယာဉ်နဲ့ဗုံးကြဲသတိပေးခဲ့တာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် လူအသေအပျောက်နည်းစေဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာလို့လည်း ပြီးခဲ့တဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။