Home
မြန်မာသတင်း
မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ အပါအဝင် ၁၀ ဦးကို အီးယူက ပိတ်ဆို့ဒဏ်ခတ်
DVB
·
April 20, 2021

မြန်မာအာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ၁၀ ယောက်နဲ့  စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီး ၂ ခုကို ထပ်မံ ပိတ်ဆို့ ဒဏ်ခတ် အရေးယူလိုက်တယ်လို့   ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေက ဧပြီ ၁၉ ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့  ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို ဆောင်ရွက်တာလို့ ထုတ်ပြန်ချက်မှာ‌ဖော်ပြပါတယ်။

ပိတ်ဆို့ဒဏ်ခတ် အရေးယူခံရသူ နောက်ထပ် ၁၀ ဦးကတော့ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့  မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင် တို့ပါဝင်ပါတယ်။

ဒါ့အပြင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး ၂ ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကိုလည်း အီးယူက ပိတ်ဆို့ဒဏ်ခတ်အရေးယူ လိုက်ပါတယ်။

ခုလို ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ လူတယောက်ချင်းဟာ မြန်မာ့ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးကို လှိုက်စားမှု၊ ဖိနှိပ်ရေး ဆုံးဖြတ်ချက်တွေနဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေမှာ တာဝန်ရှိသူတွေချည်းပဲလို့ ဥရောပသမဂ္ဂ ကောင်စီက ထုတ်ပြန်တဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။

ပစ်မှတ်ထား အရေးယူခံရတဲ့ စစ်တပ်ပိုင် ကုမ္ပဏီကြီး ၂ ခုဟာလည်း  မြန်မာ့စီးပွားရေးရဲ့ ကဏ္ဍအများအပြားမှာ လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းစုံ လုပ်ငန်းစုကြီးတွေ ဖြစ်ပြီး စစ်တပ်ကပိုင်ဆိုင် ဝင်ငွေရနေတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ခုလို ဒဏ်ခတ်ရတဲ့ ရည်မှန်းချက်က  စစ်ကောင်စီကို ဆွေးနွေးရေး စကားဝိုင်းဆီ ခေါ်လာနိုင်ရေး ဖိအားပေးဖို့ဖြစ်တယ်လို့ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဟိုက်ခိုမားစ်က ပြောပါတယ်။

မြန်မာစစ်ကောင်စီကို  ပိတ်ဆို့ဒဏ်ခတ်မှု အမျိုးမျိုးနဲ့ ဖိအားပေးနေပေမယ့် နိုင်ငံတကာ လူ့အဖွဲ့အစည်းဟာ  ဆန္ဒပြသူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို  မဟန့်တား နိုင်သေးဘူးလို့လည်း ကြေညာချက်က ဆိုပါတယ်။

ဥရောပသမဂ္ဂဟာ အရင်ကလည်း  မြန်မာထိပ်တန်းစစ်ခေါင်းဆောင်တွေနဲ့ အဆင့်မြင့်အရာရှိ တွေကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုတွေပြုလုပ်ထားပြီး အခု နောက်ထပ် ၁၀ ယောက်နဲ့ ဆိုရင် ဒဏ်ခတ် အရေးယူခံထားရသူ စုစုပေါင်း ၃၅ယောက်နဲ့ ကုမ္ပဏီ ၂ ခု ရှိသွားပြီဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့  အာဏာသိမ်းမှုအပြီး အကြမ်းဖက် နှိမ်နင်းမှုတွေအတွင်း နိုင်ငံတဝန်း  လက်နက်မဲ့ အရပ်သား ၇၀၀ ကျော်ကျဆုံးပြီး ၃၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

Photo-CINCDS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024