Home
မြန်မာသတင်း
ဂျပန်သတင်းထောက် ယူကီခိတဇုမိ ကို ထပ်မံဖမ်းဆီးထားကြောင်း စစ်တပ်မီဒီယာကြေညာ
DVB
·
April 19, 2021

ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို ရန်ကုန် ပုဇွန်တောင်မြို့နယ်မှာ မနေ့က ဖမ်းဆီးရမိတဲ့ အကြောင်း အာဏာသိမ်း စစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၉ ရက် ဒီကနေ့ည ၈ နာရီသတင်းမှာ အတည်ပြု ကြေညာပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ အရေးယူထားတဲ့ အလွတ်တန်းသတင်းထောက် ဂျပန်နိုင်ငံသား မစ္စတာ ယူကီခိတဇုမိကို  ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ရေကျော်လမ်း၊ အမှတ်(၄၉)၊ (၄)လွှာရှိ နေအိမ်မှာဖမ်းဆီးရမိတာလို့ သတင်းမှာကြေညာသွားပါတယ်။

ဒါဟာ ရန်ကုန်မှာ မီဒီယာလုပ်ငန်း လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီခိတဇုမိကို အာဏာသိမ်းစစ်ကောင်စီက ဒုတိယအကြိမ်ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း  ရန်ကုန် မြေနီကုန်းမှာ  စစ်အာဏာရှင်ဆန့်ကျင်‌ဆန္ဒပြတဲ့ ပြည်သူတွေကို သတင်းယူနေတဲ့  သတင်းထောက် ယူကီခိတဇုမိကို ရဲတပ်ဖွဲ့က မနက်ပိုင်းမှာ  အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ ပါတယ်။

မစ္စတာခိတဇုမိ ဟာ  ၂၀၀၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နစ်ကေး သတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မှာ နေထိုင်နေကာ  Yangon Henshu Production  မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်၊

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားသား သတင်းထောက် ၂ ဦး ဖမ်းဆီးခံခဲ့ရရာမှာ တစ်ဦးက ဂျပန်နိုင်ငံသားဖြစ်ပြီး နောက်တစ်ဦးကတော့ ပိုလန်နိုင်ငံသားဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024