ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဧပြီလ ၁၈ ရက်ည သန်းခေါင်ကျော်လောက်က ဆရာဝန် ၄ ဦးကို အကြမ်းဖက်စစ်တပ်နဲ့ရဲက နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဆရာဝန်တွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ထားကြသူတွေဖြစ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်နဲ့ရဲက မနေ့ည သန်းခေါင်ကျော် ည ၁ နာရီလောက်မှာ နေအိမ်တွေမှာ လိုက်လံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
" ဆရာက ညဘက် အိမ်မှာနေတာ အောက်က ခေါ်သံကြားလို့ တံခါးဖွင့်ပေးမိတာ စစ်ကားတွေနဲ့ စစ်သားတွေရောက်လာပြီ ခေါ်သွားတာ''လို့ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ဆရာဝန် ၄ ဦးကတော့ ဒေါက်တာ နိုင်ထူး၊ ဒေါက်တာ ဝေယံဦး၊ ဒေါက်တာ ဆုလာဘ်နွယ်နဲ့ ဒေါက်တာ ထက်ပိုင်ဖြိုးတို့ ဖြစ်ကြပါတယ်။
တစ်ညတည်းမှာပဲ ဆရာဝန် ၄ ဦးကို အကြမ်းဖက်စစ်တပ်နဲ့ရဲက ဖမ်းဆီးသွားတဲ့အပြင် ဂရုဏာလူမှုရေးအသင်းရဲ့ စေတနာ့ဝန်ထမ်း ကိုသန်းထွဋ်ဦးကိုလည်း ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ ဆရာဝန် ၄ ဦးနဲ့ စေတနာဝန်ထမ်း ၁ ဦးကို မအူပင်မြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅ နဲ့အမှုဖွင့်ဖို့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။