ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စီဟက်ရွာအနားမှာ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေ ဧပြီ ၁၇ ရက်ည ၇ နာရီကျော်လောက်က စတင်ပြီးတိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒေသခံရွာသားတစ်ဦးက "မနေ့ညက ၇ နာရီကျော်လောက်ကနေ စပစ်ကြတာ၊ ၃ နာရီလောက်တော့ ကြာတယ်။ တာဝါတိုင်ကုန်းကနေ အောက်ကတပ်တွေဆီ လာပစ်တာထင်တယ်၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်နေကြတယ်။ အရင်ရက်တွေက လေယာဉ်တွေနဲ့ လာပစ်တာ။ ဒီညကတော့ လေယာဉ်မပါဘူး၊ ရွာထဲက ၅ အိမ်လောက်လက်နက်ကြီးကျတယ်။ တပ်ထဲက အသိတွေက လာပြောတယ်။ ရွာထဲမှာ ဘယ်သူမှ မနေကြနဲ့တော့ တိုက်ပွဲကပိုဖြစ်နိုင်တယ်၊ လေ ယာဉ်တွေနဲ့လာဦးမှာ။၊ အမြန်ရွှေ့ကြတော့လို့ ပြောတာကြောင့် ရွာနဲ့နည်းနည်းဝေးတဲ့နေရာတွေမှာ နေနေရတယ်” လို့ ပြောပါတယ်။
စီဟက်ကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ရှမ်းလူမျိုးများအများစု နေထိုင်ကာ စစ်ကောင်စီ တပ်ရင်းနှစ်ခုဖြစ်တဲ့ ၃၂၀ တပ်နဲ့ ၃၈၇ တပ်တို့ ရဲ့အလယ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် ရွာသားတွေအများစုက အိုးအိမ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ထွက်ပြေး နေကြရပါတယ်။
စစ်ရှောင်နေ ဒေသခံတစ်ဦးက “ကျနော်တို့ လယ်ယာမြေနဲ့ အ သက်မွေးဝမ်းကြောင်းပြုနေရတာ၊ အခုတော့ အိုးပစ်အိမ်ပစ်နဲ့ အခင်းတွေထားခဲ့ရတာ၊ အခုလောလောဆယ် အဆင်ပြေသေးပေမယ့် တိုက်ပွဲရက်ကြာလာရင် ခက်လာတော့မယ်” လို့ ပြောပါတယ်။
လက်ရှိတိုက်ပွဲတွေကြောင့် ဗန်းမော်မြို့နဲ့ မိုးမောက်မြို့နယ်၊ မန်နောင်ကျေးရွာတို့မှာ လည်း စစ်ရှောင်ဦးရေ တဖြည်းဖြည်း တိုးပွားလာနေပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေကာ အလှူရှင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နမ့်လန်းကျေးရွာအနီးမှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဧပြီလ ၁၅ ရက် နေ့မနက်ပိုင်းက နမ့်လန်းရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့်ရှိသူ အရာရှိ ၂ ယောက် သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းတွေကို မန်တုံလမ်းဘက်သယ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာထဲကနေ ပစ်ခတ်သံတွေကြားရလို့ အကာကွယ်ယူ ပုန်းနေရတာ။ အဲအချိန်က တချို့တွေလည်း ညဘက်မအိပ်ရဲတော့လို့ မန်တုံမြို့ဘက်စစ်ရှောင်သွားကြတယ်။ ကျနော်တို့လည်း ဘယ်အချိန်ရှောင်ရမလဲ မသိဘူး။”လို့ ရွာသားတစ်ဦးက ပြောပါတယ်။
နမ့်လန်းကျေးရွာဟာ မန်တုံမြို့ကနေ မိုးမိတ်မြို့နယ်ဘက်ကို သွားတဲ့ လမ်းမကြီးပေါ်က ကျေးရွာတစ်ရွာဖြစ်ပြီး လက်ရှိမှာ ကေအိုင်အေက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်စပ်ဘက်နဲ့ မိုးကုတ်မြို့အနီးမှာ စစ်မျက်နှာ အများအပြားဖွင့်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ယခုရက်ပိုင်း ကေအိုင်အေထိန်းချုပ်ထားတဲ့ အလောဘွမ်စခန်းကို စစ်တပ်က မြေပြင်ကရော ဝေဟင်ကပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ ပြန်လည်သိမ်းယူနို်ငခြင်း မရှိသေးဘဲ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေသာ အကျအရှုံးများနေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း ဧပြီ ၁၆ ရက်နေ့က စစ်ရဟတ်ယာဉ်လာစဉ် လုံခြုံရေး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေကို ကေအိုင်အေက အဝေးထိန်းရီမုနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ ကားတစ်စီးမီးလောင်ပြီး စစ်သား ၃ ယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်တပ်ပိုင်မီဒီယာတွေကရော စစ်ကောင်စီ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပြည်သူပိုင် မြန်မာ့အသံနဲ့ရုပ်မြင်သံကြားဌာနကပါ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။