Live
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်၊ ဘဏ္ဍာရေးအကျပ်အတည်း ချောက်ကမ်းပါးဝ ရောက်နေ
DVB
·
April 13, 2021

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ စိုးမိုးနေလို့ နိုင်ငံ့ စီးပွားရေးဟာ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့ ဗြိတိန်အခြေစိုက် သုတေသနဌာန Fitch Solutions က ခန့်မှန်းထားပါတယ်။ 

ကိုဗစ်-၁၉ ကပ်ဘေးအပြင် စစ်အာဏာသိမ်းမှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံကနေ ပြန်ထွက်ခွာနေသလို စစ်ကောင်စီရဲ့ ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုတွေ ပိုဆိုးလာနေလို့ ဘဏ္ဍာရေး မတည်ငြိမ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေကလည် ဘဏ္ဍာရေး ချောက်ကမ်းပါးဝမှာ ယိုင်တိုင်တိုင် လျှောက်လှမ်းနေရတယ်လို့ ဘလွန်းဘာ့ဂ် သတင်းဌာနက ရေးပါတယ်။

လက်ဖက်ရည်ဆိုင်တွေက လူငယ်ဆန္ဒပြသူတွေရဲ့ ဆုံမှတ်ဖြစ်လာလို့ လက်ခံရင် စစ်တပ်ဘက်၊ လက်မခံရင် စားသုံးသူတွေဘက်က ဒဏ်ခတ်မှာကို စိုးရိမ်ကြတဲ့အတွက် ဆိုင်ရှင်တွေ ဆိုင်ပိတ်နေရတယ်လို့လည်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကုန်ကားမောင်းသူတွေက သပိတ်မှောက်နေလို့ ကုန်သေတ္တာတွေ ဆိပ်ကမ်းမှာ ပိတ်မိနေတဲ့အတွက် သင်္ဘောလိုင်းတွေလည်း ပြေးဆွဲမှု ဆိုင်းငံ့ထားရပါတယ်။ 

ငွေသားရှားပါးမှုကို ရင်ဆိုင်နေရတဲ့အတွက် ဘဏ်တွေကနေ ငွေသားထုတ်ယူမှု ကန့်သတ်ထားပြီး ဝန်ထမ်းတွေကို လစာပေးနိုင်ရေး လုပ်ငန်းရှင်တွေ ရုန်းကန်နေရပါတယ်။

စစ်တပ်က အင်တာနက် သုံးစွဲခွင့်ကို ကန့်သတ်ထားတဲ့အတွက် ပြည်သူတွေ အွန်လိုင်းသုံးစွဲဖို့ ခက်နေတာပါ။ ထောင်ချီတဲ့ နိုင်ငံ့ဝန်ထမ်းတွေကလည်း ဆန္ဒပြသူတွေနဲ့ အတူရပ်တည်ပြီး အလုပ်တက်ဖို့ ငြင်းဆန်နေလို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေလည်း ကန့်သတ်ခံနေရပါတယ်။

ဒီအချက်တွေအားလုံးက မြန်မာ့စီးပွားရေးကို အရှိန်ပြင်းပြင်း တိုက်စားနေလို့ ၂၀၂၁ မှာ မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နောက်ထပ် တခြားအချက်တွေကို ပေါင်းထည့် လိုက်ချိန်မှာတော့ သက်ရောက်မှုက တော်တော်ကို စိတ်ဆင်းရဲစရာ စိတ်မှန်း အနာဂတ် ဖြစ်နိုင်ချေအဆင့်ကို ရောက်သွားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အာရှစီးပွားရေး ပညာရှင်ချုပ် အာဒိတယ မတ်တူးက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024