မန္တလေးမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြချီတက်တာတွေကို ဖြိုခွဲဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေ နေရာအနှံ့ရှိနေပေမယ့် ဧပြီ ၁၂ ရက် မနက်ပိုင်းက စုပေါင်းသပိတ်စစ်ကြောင်းချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ချီတက်နေတဲ့အချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့တွေ လာရောက်ပစ်ခတ်တာကြောင့် လူစုခွဲခဲ့ရပေမယ့် ဖမ်းဆီးခံရတာ ထိခိုက်ဒဏ်ရာရတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဆန္ဒပြချီတက်ရာမှာ ဘုရားကြီးငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်း၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) သပိတ်စစ်ကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် ဝန်ထမ်းပေါင်းစုံသပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် (မန္တလေး)ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) သပိတ်စစ်ကြောင်း နဲ့ မြို့ခံလူထုတို့ ပါဝင်ခဲ့ကြပါတယ်။
အခုလို ချီတက်ပြီး စစ်အာဏာရှင်စနစ်အမြစ်ဖြတ် တိုက်ဖျက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ အဖမ်းဆီးခံကျောင်းသားပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးနဲ့ ပြည်သူ့ကာကွယ်ရေး ဖက်ဒရယ်တပ်မတော် တည်ထောင်ရေး စတဲ့ တောင်းဆိုကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။