ပဲခူးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို စစ်တပ်နဲ့ ရဲလုံခြုံရေးအဖွဲ့တွေက အကြမ်းဖက်ဖြိုခွင်းခဲ့လို့ ကျဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို သိမ်းဆည်းထားတဲ့အပေါ် ဂျပန်နိုင်ငံက စိတ်ပျက်တုန်လှုပ်မှုနဲ့အတူ ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့ကို အကြမ်းဖက်စစ်အုပ်စုက မနက်အစောပိုင်းအချိန်က စတင်ကာ ညအချိန်ထိတိုင် စစ်တလင်းသဖွယ်၊ လူသတ်ကွင်းတွေ သဖွယ် အပြင်းအထန် ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၈၂ ယောက်ထက်မနည်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီလိုအကြမ်းဖက်လုပ်ရပ်တွေ အားလုံးကို ချက်ချင်းရပ်တန့်ဖို့ တပ်မတော်နဲ့ ရဲတပ် ဖွဲ့ဝင်တွေကို ဂျပန်သံရုံးအနေနဲ့ ထပ်မံပြီးတော့ အလေးအနက်ထား တိုက်တွန်းကြောင်းလည်း ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကတော့ တရက်အတွင်း ဒေသတခုတည်းမှာ လူပေါင်း ၈၂ ယောက်ထက်မနည်းကို အင်အားသုံး အကြမ်းဖက် သတ်ဖြတ်ခဲ့တာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ဧပြီ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ပဲခူးမြို့က ကျဆုံးပြည်သူတွေရဲ့ ရုပ်အလောင်းတွေကို ကျန်ရစ်သူ မိသားစုတွေက ထုတ်ယူရာမှာ အလောင်းတလောင်းကို ငွေကျပ် ၁ သိန်း ၂ သောင်းစီ ပေး ရတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျ ဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတရပ်လုံးက လက်မခံဘဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လကျော်ရှိခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ ကျဆုံးသူပေါင်း ၇၀၀ ကျော်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။