ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ည ၈ နာရီကျော် အပြင်ထွက်လာတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာတွေကို ဧပြီလ ၁၀ ရက်ညပိုင်းက စတင်ပြုလုပ်လာတယ်လို့ သိရပါတယ်။
ပုသိမ်မြို့၊ မြကျွန်းသာအိမ်ရာအနီးက စစ်ဆေးရေးဂိတ်ကနေ မနေ့ညက ၈ နာရီကျော်လောက်မှာ လူငယ် ၂ ဦးလိုက်ပါလာတဲ့ ဆိုင်ကယ်ကို ရဲက သေနတ်ပစ်ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ည ၈ နာရီ ၅ မိနစ်အချိန်လောက်မှာ စစ်ဆေးရေးဂိတ်ရှေ့က ဖြတ်သန်းမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဂိတ်က ရဲက သေနတ်နဲ့ လိုက်ပစ်လို့ ဆိုင်ကယ်မှောက်ပြီး လူငယ် ၁ ဦးအဖမ်းခံခဲ့ရသလို နောက် ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့တပ်တွေက ည ၈ နာရီကျော်ထွက်လာတဲ့လမ်းသွားလမ်းလာတွေကို သေနတ်နဲ့ပစ်ခတ်တာတွေနေတာလို့ သိရပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် သေဆုံးသူ ၈ ဦးရှိပြီး ဖမ်းဆီး ခံရသူ ကဗျာဆရာ ၁ ဦးအပါဝင် စုစုပေါင်း ၁၀ ဦးကျော်ရှိပြီးလို့ သိရပါတယ်။