စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့မှာ စစ်အာဏာဆန့်ကျင်တော်လှန် CDM လုပ်တဲ့ ပညာရေးဝန်ထမ်း ၁၃၀၀ ကျော်အထိရှိပြီး ဦးစီးအရာရှိအပါအဝင် ပညာရေးမှူးရုံးဝန်ထမ်း ၇ ဦးလည်း ပါဝင်တယ်လို့သိရပါတယ်။
ဦးနိုင်နိုင်ထွန်း (ဦးစီးအရာရှိ)၊ ဦးမြင့်အောင် (ဒုဦးစီးမှူး)၊ ဦးစိုးနိုင်၊ ဦးငြိမ်းထွန်း၊ ဦးဇော်မင်းသူ၊ လက်ထောက်ပညာရေးမှူး ၃ ဦးနဲ့ ဒေါ်သင်းမာဖြိုး (အကြီးတန်းစာရေး)၊ ဒေါ်အိသန္တာအောင် (လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး)၊ ရုံးဝန်ထမ်း ၇ ဦးတို့ကို ပြီးခဲ့တဲ့မတ်လကုန်ခါနီးက CDM လုပ်လို့ တာဝန်က နေရပ်နားခံခဲ့ရတာဖြစ်ပါတယ်။
ဝက်လက်မြို့မှာ ကျောင်းအုပ်နဲ့ သင်ကြားရေးဆရာဆရာမစုစုပေါင်း ၁၃၀၀ ကျော်က စစ်အာဏာဆန့်ကျင်တော်လှန်ခဲ့ကြတာဖြစ်ပြီး၊ ၄၀၀ ကျော်ကတော့ CDM ပြုလုပ်ခြင်းမရှိဘူးလို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပညာရေးရုံးဝန်ထမ်း ၄၆၁ ဦးကို လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်လို့ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေနဲ့ တာဝန်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။