Home
မြန်မာသတင်း
မြန်မာစစ်အုပ်စုကို လူ့အခွင့်အရေးချိုးဖောက်သူများအဖြစ် ဂျပန်လွှတ်တော်အမတ်များသတ်မှတ်
DVB
·
April 7, 2021

ဂျပန်အနေနဲ့ နိုင်ငံရပ်ခြားမှာ လူ့အခွင့်အရေးချိုးဖောက်နေသူတွေကို အရေးယူအပြစ်ပေး နိုင်မယ့် ဥပဒေမူကြမ်းကို လွှတ်တော်မှာ အတည်ပြုနိုင်ရေးအတွက် အရေးယူပိတ်ဆို့နိုင်ရေး ဥပဒေကြမ်းတခုကို ရေးဆွဲတင်ပြ ကြားနာပွဲကို တိုကျိုမြို့ ချီယိုဒရှိ လွှတ်တော်အမတ်များ အဆောက်အုံအမှတ်(၁)မှာ ဧပြီလ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

“ဂျပန်လွှတ်တော်အမတ်တွေအနေနဲ့  အာဏာသိမ်းမြန်မာစစ်အုပ်စုကို လူ့အခွင့်အရေး ချိုးဖောက်သူတွေအဖြစ် ပဲသတ်မှတ်ထားပြီး အစိုးရတရပ်အဖြစ်မသတ်မှတ်ဘူး။ ဒါကြောင့် ဒီဥပဒေ မူကြမ်းကိုလွှတ်တော်မှာ အတည်ပြုနိုင်ရေးအတွက်ဒီနေ့ ပါတီပေါင်းစုံ စုဝေးအတည်ပြုရယူ ကြတာမှာ မြန်မာနိုင်ငံမှာလည်း လူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်နေတာတွေရှိတာကြောင့် ကျနော်တို့ကို သူတို့က ခေါ်ပြီးတင်ပြဆွေးနွေးစေတာပါ”လို တက်ရောက်တင်ပြခဲ့သူ ဦးသန်းဆွေက ဒီဗွီဘီကိုပြောပါတယ်။

ကြားနာပွဲကို CRPH အထောက်အကူပြုကော်မတီ (ဂျပန်)အဖွဲဝင်နဲ့ ပြည်ထောင်စု မြန်မာနိုင်သားများအသင်း(ဂျပန်)ဥက္ကဋ္ဌ ဦးသန်းဆွေနဲ့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ UNHCR ပြည်သူ့ဆက်ဆံရေးကိုယ်စားလှယ် Shibuya ဇာနည်တို့က လက်ရှိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက  နေ့စဉ်ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာ ၅၀၀ ကျော်ရှိနေကြောင်း တင်ပြဆွေးနွေးခဲ့ပြီး CRPH ကိုသာ ဂျပန်အစိုးရ အနေနဲ့ အသိအမှတ်ပြု ဆက်ဆံဖို့ ပြောဆိုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

တင်ပြဆွေးနွေးခဲ့သူနောက်တဦးဖြစ်တဲ့ Shibuya ဇာနည် ကတော့ အခုမကြာခင် ဂျပန် ဝန်ကြီးချုပ် ဆုဂ က အမေရိကန်သွားပြီး သမ္မတ ဘိုင်ဒန်နဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေ ဆွေးနွေးရာမှာ မြန်မာနိုင်ငံအကြောင်းလည်း ပါဝင်မှာမို့ ဒီနေ့ပွဲမှာ တင်ပြခွင့်ရတာ မြန်မာနိုင်ငံအတွက် အရမ်းကံကောင်းလှတယ်လို့လည်း ဒီဗွီဘီကိုပြောပြခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ သံတမန်ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဆွေးနွေးတဲ့ ပါတီပေါင်းစုံမှ ပါလီမန်အမတ်များအသင်းအဖွဲ့လို့ အမည်ပေးထားပြီး ပထမဆုံးအကြိမ် အစည်းအဝေးဖြစ်ကာ၊ ဂျပန်နိုင်ငံမှာ နိုင်ငံရေးဩဇာကြီးမားပြီး အာဏာရ LDP ပါတီခေါင်းဆောင်မစ္စတာအိချီဘ၊ ဂျပန် မြန်မာပါလီမန်အမတ်များ ချစ်ကြည်ရေးအဖွဲ့ဥက္ကဋ္ဌ မစ္စတာ အအိဆဝ၊ ကာကွယ်ရေး ဝန်ကြီးဟောင်း မစ္စတာ နခတန်နီ၊ အစိုးရ ရှေ့နေချုပ်ဟောင်း မစ္စယမအို ချီအိုရီတို့ပါတက်ရောက် ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024