စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဧပြီ ၇ ရက် မနက်ပိုင်းက စစ်တပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် မနက် ၁၀ နာရီခွဲထိလောက်အထိ ပြည်သူ ၇ ယောက် ထပ်မံ ကျဆုံးသွားတယ်လို့ ကလေးဒေသခံတွေက ပြောပါတယ်။
စမ်းမြို့ရပ်ကွက်(တာဟန်း)မှာရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ခံတပ်ကို ဒီမနက် အစောပိုင်း ၅ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေက နှစ်ဘက်ညှပ်ပိတ်ပြီး ပစ်ခတ်ဖြိုခွင်းနေတာလို့လည်း ပြောပါတယ်။
ကလေးမြို့ခံတစ်ဦးက“ အနည်းဆုံး ပြည်သူ ၇ ယောက် ကျဆုံးထား တယ်။ ဦးခေါင်းမှန်တာ ၅ ယောက်ပါ။ ထိခိုက်ထားတာလည်း ၂၀ ကျော်ရှိတယ်။ အလောင်းကို သူတို့ဘက်က ယူသွားတာတွေ လည်း ရှိတယ်။ ဆေးအဖွဲ့လည်း ဝင်မရဘူး ဖြစ်နေတာ"လို့ ပြောပါတယ်။
ကလေးမြို့မှာ ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်ပြည်သူ အယောက် ၃၀ ဝန်းကျင် ကျဆုံးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။