ပြင်သစ် စွမ်းအင်ကုမ္ပဏီကြီး တိုတယ်ဟာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဓာတ်ငွေ့ထုတ်လုပ်မှုကိုရပ်မှာ မဟုတ်ဘူးလို့ ကုမ္ပဏီအကြီးအကဲက ဧပြီ ၄ ရက်မှာ ပြောလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဆန့်ကျင်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းတာတွေ တိုးလုပ်နေချိန်မှာ နိုင်ငံခြားကုမ္ပဏီတွေ စစ်ကောင်စီနဲ့ ဆက်ဆံရေးရပ်ကြဖို့ ဆော်သြတာတွေ တိုးနေပေမယ့် တိုတယ်မှာ ဆက်နေဖို့ တာဝန်ရှိတယ်၊ သူတို့ထုတ်တဲ့ ဓာတ်ငွေ့ဟာ ရန်ကုန်ပြည်သူ ၂ သန်းနဲ့ ထိုင်းအနောက်ခြမ်းကို လျှပ်စစ်ဓာတ်အားပေးဖို့ပဲလို့ တိုတယ်ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ပတ်ထရစ် ပူယာနီက ပြောပါတယ်။
“တိုတယ်လို ကုမ္ပဏီက သန်းချီတဲ့လူတွေကို ဖြန့်ဖြူးပေးနေတဲ့ လျှပ်စစ်ကို ဖြတ်ဖို့ ဆုံးဖြတ်နိုင်မလား။ ဒါဆိုရင် ဆေးရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ဖို့ အနှောင့်အယှက် ဖြစ်လိမ့်မယ်” လို့ ပတ်ထရစ်က ပြင်သစ်ဂျာနယ်နဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။
မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကို နာကျည်းပေမယ့် တအားဒုက္ခရောက်နေပြီးသား မြန်မာပြည်သူ တွေနဲ့ တိုတယ်ရဲ့ ဒေသခံဝန်ထမ်းတွေကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်ကိုတော့ ငြင်းမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
အီတလီကုမ္ပဏီ ဘေနက်တန်၊ ဆွီဒင်ကုမ္ပဏီ H&M တို့ကတော့ မြန်မာနိုင်ငံက အမှာစာ အသစ်အားလုံးကို ဆိုင်းငံ့ခဲ့ပြီး ပြင်သစ် စွမ်းအင်ကုမ္ပဏီ EDF ကလည်း ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်ကို တည်ဆောက်ရေး စီမံကိန်း အပါအဝင် သူ့လုပ်ငန်းတွေကို ဆိုင်းငံ့ခဲ့ ပြီးပါပြီ။
စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ ရေနံနဲ့ ဓာတ်ငွေ့ အင်တာပရိုက်စ်ဟာ ပြင်သစ် ကုမ္ပဏီ တိုတယ်နဲ့ အမ ကုမ္ပဏီ ချယ်ဗ်ရွန် တို့နဲ့ မိတ်ဖက် ပြုပြီး သဘာဝဓာတ်ငွေ့ ရောင်းချရာကနေ နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရနေတယ်လို့ ဗြိတိန် အခြေစိုက် ဒေးလီးမေးလ် သတင်းဌာနက အစီရင်ခံပါတယ်။
တိုတယ်ဟာ မြန်မာအာဏာပိုင်တွေကို ၂၀၁၉ မှာ အမေရိကန်ဒေါ်လာ သန်း ၂၃၀ နဲ့ ၂၀၂၀ မှာ အမေရိကန်ဒေါ် လာ ၁၇၆သန်းကို အခွန်နဲ့ လုပ်ငန်းထုတ်လုပ်ခွင့်အတွက် ပေးဆောင်ခဲ့တယ်လို့ တိုတယ်ရဲ့ ဘဏ္ဍာရေး ကြေညာချက်က ဆိုထားပါတယ်။.
တိုတယ်ဟာ မြန်မာနိုင်ငံမှာ ဘဏ်စနစ်တွေ ရပ်နေတဲ့အတွက် စစ်အာဏာသိမ်းပြီးတည်းက ခုထိ တလကို အခွန် ဒေါ်လာ လေးသန်း မပေးဆောင်ရသေးဘူးလို့လဲ အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။
ဒေသခံမန်နေဂျာတွေ အဖမ်းခံထောင်ချခံရတာမဖြစ်စေဖို့ ကြားကအာမခံပေးတဲ့ ဘဏ် စာရင်းထဲကို အခွန်ငွေတွေ လွှဲမပေးဖို့ကိုလည်း ဆုံးဖြတ်ထားတယ်။ မြန်မာအစိုးရကို ပေးဖို့ရှိတဲ့ အခွန်တွေကို မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအတွက် အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။