နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့မှာ ဒီကနေ့ မတ်လ ၄ ရက်နေ့မွန်းလွဲပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူ ၂ ဦး သေနတ်ကျည်ဆန် ထိမှန် ကျဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရဲနဲ့ စစ်တပ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ မော်တော်ဆိုင်ကယ်ယာဉ်တန်းကို နောက်ကနေ သေနတ်နဲ့လိုက်ပစ်လို့ ရွှေချီရပ်ကွက် မောင်ခင်လမ်းပေါ်မှာ မွန်းလွဲ ၁ နာရီလောက်က ပြည်သူ ၁ ဦး သေနတ်ကျည်ဆန် ထိမှန်ကျဆုံးသွားပြီး အလောင်းကို ယူဆောင်သွားတယ်လို့ ပြောပါတယ်။
ပျဉ်းမနားမြို့ကို စီအန်အန်သတင်းထောက်တွေ လာရောက်သတင်းယူနေတဲ့ နေ့မှာ ဆန္ဒပြကြ တာလို့ ဆိုပါတယ်။
“ လတ်တလော နှစ်ယောက်သေသွားတယ်။ တယောက်ရဲ့ ဘော်ဒီ (ရုပ်အလောင်း) ကိုတော့ ကုတင် ၁၀၀၀ ကိုယူသွားတယ်လို့ ပြောကြတယ်။ နောက်ကနေ ကျည်အစစ်နဲ့ လိုက်ပစ်တာ။ ဒီကနေ့က စီအန်အန်သတင်းထောက်အဖွဲ့က ပျဉ်းမနား စျေးနားမှာလာတယ်လို့ပြောတော့ သူရှိလို့ရှိရင် အဲလိုဖြိုခွင်းတာမလုပ်ဘူးလို့ ထင်တာလည်းပါမယ်၊ သူ့ကိုလည်း မြင်စေ့ချင်တာလည်းပါပါလိမ်မယ့်၊ အဲလိုမျိုးနဲ့ မြို့ကို ဆိုင်ကယ်တွေနဲ့ပတ်တော့ ဒီဘက်ကလည်း မနက်ခင်းကတည်း လုံခြုံရေးအင်အားများတယ်။ စောင့်နေတော့ ရွေ့လျားသပိတ်ကို နောက်ကနေ ကားနဲ့လိုက်တိုက်တယ်၊ နီးတော့ ပစ်လိုက်တာ” လို့ ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအနီးက ပျဉ်းမနားမြို့မှာ စစ်တပ်နဲ့ ရဲ တင်းကျပ်ထားတာကြောင့် လွန်ခဲ့တဲ့သီတင်းပတ်တွေကတည်းက ဆန္ဒပြလိုသူတွေဟာ အစုအဖွဲ့ငယ်လေးတွေအဖြစ်သာ လှုပ်ရှားနိုင်ကြပြီး အရုဏ်ဦးသပိတ်၊ ပြောက်ကျားသပိတ်စတာတွေကို လုပ်ဆောင်နေကြပါတယ်။