မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲတောကျေးရွာ၊ တလာအောဖိုးကလားမှာ ဧပြီ ၂ ရက်၊ ည ၈ နာရီလောက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ လက်အောက်ခံတပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ကေအန်ယူ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၂ နဲ့ စစ်ကောင်စီရဲ့လှုပ်ရှားစစ်ကြောင်းတို့ မိနစ် ၂၀ လောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
"မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်တယ်။ ပိန္နဲတောမှာရှိတဲ့ တပ်စခန်းက လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ဘယ်နားမှာ ကျလို့ကျတယ်မသိဘူး။ အနားမှာရှိတဲ့ ရွာသူရွာသားတွေအတွက် စိုးရိမ်တယ်။ ထိခိုက်တာရှိမရှိက မသိရသေးဘူး။ လတ်တလောမှာ စစ်ရေးတင်မာမှုတွေက ရှိနေတယ်" လို့ တာဝန်ရှိသူက ပြောပါတယ်။
မတ် ၂၇ ရက်နေ့က စစ်ကောင်စီရဲ့တပ်နဲ့ တပ်မဟာ ၅ တို့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုတွေ ပါဝင်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ဒေသခံရွာသူရွာသား ၁၀၀၀၀ နီးပါး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဧပြီ ၁ ရက်မှ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။