စစ်ကိုင်းတိုင်း မုံရွာမြို့ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းကို ဧပြီလ ၁ ရက်နေ့က ချီတက်လှည့်လည်ခဲ့ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ လူထုသပိတ်စစ်ကြောင်းမှာ လူပေါင်းထောင်သောင်းချီပါဝင်ခဲ့ပြီး မြန်မာ့နွေဦးရဲ့ သင်္ကေတဖြစ်တဲ့ ပိတောက်ပန်းတွေကို ကိုယ်စီပန်ဆင်ကိုင်ဆောင်ကာ စုဝေးချီတက်ခဲ့ကြတာပါ။
သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ကြိုးစားလာတာကြောင့် ထိုင်သပိတ်ကို ခေတ္တပြုလုပ်ကာ လူစုခွဲခဲ့ကြပါတယ်။
မုံရွာမြို့ကို မနေ့ကတည်းက စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်တွေ အင်အားတိုးချဲ့ထားပြီး ဒီနေ့မှာ ရပ်ကွက်တချို့က လမ်းတိုင်းကို ဝင်ရောက်ပစ်ခတ်တာတွေ ပြုလုပ်နေပါတယ်။
မနက်ပိုင်းက ရင်ဆိုင်တွေ့ဆုံမှုကြောင့် ပြည်သူအနည်းဆုံးတစ်ဦး သေနတ်ထိမှန်ထားပါတယ်။ မနေ့ကလည်း ချမ်းမြဝတီ၊ အောင်ချမ်းသာစတဲ့ရပ်ကွက်တွေက နေအိမ်တချို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတာတွေ ရှိခဲ့သလို ဗကသကျောင်းသားတချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီနေ့ နေ့လည်ပိုင်းမှာတော့ အတားအဆီးမီးရှို့မှုတွေရှိသလို ပစ်ခတ်မှုတွေလည်း ဖြစ်ပေါ်နေပြီး ထိခိုက်ဒဏ်ရာရအခြေအနေတွေ မသိရသေးပါဘူး။ မြို့ပေါ်မှာ ဝိုင်ဖိုင်အင်တာနက်တချို့ကိုတော့ ဖြတ်တောက်ထားပါတယ်။
မုံရွာပေါ်မှာ နေအိမ်တချို့ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်စီးနေပြီး တချို့နေရာတွေမှာ ကားအစီး ၂၀ လောက်နဲ့ ပိတ်ဆို့ထားပါတယ်။ ဒီကနေ့မွန်းလွဲပိုင်း ၂ နာရီခွဲလောက်အထိ ပစ်ခတ်သံတွေလည်း တောက်လျှောက် ကြားနေရပါတယ်။