စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နှင်းမှုတွေအကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြောက်ကျားစနစ်နဲ့ ဧပြီ ၁ ရက် မနက်က လူဦးရေ ၇၀၀ကျော်နဲ့ ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းမြို့မှာရှိတဲ့ စီတီးရပ်ကွက် ဈေးတန်းရပ်ကွက် ပုဂံရပ်ကွက် ဆွမ်းချက်ရပ်ကွက်တို့က ပြည်သူလူထုတွေနဲ့ ကျောင်းသားကျောင်းသူတွေ စုပေါင်းကာ ကောင်းမှုတော် ဘုရားကြီးအနီး မှတဆင့် မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ စီတန်းလှည့်လည့်ကာ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းမြို့မှာ အရင်နေ့တွေကလည်း ဆိုင်ကယ်စီးသပိတ် လမ်းလျှောက်သပိတ် အရုဏ်ဦးသပိတ် လူမဲ့သပိတ်တွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။
စစ်ကိုင်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့ မှာ ကိုဘော်ဘော် ၃၂နှစ် က ရင်ဘတ်ကျည်ထိမှန်ပြီး ကိုအာကာ ၂၄နှစ် ရဲ့ ဦးခေါင်းကိုလည်း ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းCJ (Gz)