Home
မေးမြန်းခန်း
အာဏာသိမ်းစစ်ကောင်စီကို ISIS ထက်ပိုဆိုးသည့် အကြမ်းဖက်အဖွဲ့ဟု ဒေါက်တာဆာဆာပြော
DVB
·
March 29, 2021

မြန်မာအာဏာသိမ်း စစ်ကောင်စီဟာ အပြစ်မဲ့ကလေးငယ်တွေကိုပါ  သတ်ဖြတ်နေတာဖြစ်အတွက်  ISIS အဖွဲ့ထက်ပိုဆိုးတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့အကြောင်းနဲ့  တပ်မတော်နေ့မှာ လူသတ်ပွဲကြီးကို တစ်ကမ္ဘာလုံးကတွေ့နိုင်အောင် အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်သွားတာဖြစ်ပါတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက ဒီဗွီဘီနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောကြားလိုက်ပါတယ်။

မေးမြန်းချက် အပြည့်အစုံ 

မေး- ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က မြန်မာနိုင်ငံတဝန်းမှာ  အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူလူထု  ၁၀၀ ကျော်လောက် သေဆုံးခဲ့ရပါတယ်။ ပြည်သူလူထုတွေ ပြောနေတဲ့  ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်က ဖြစ်ခဲ့တာတွေကို ပြန်ပြီးသုံးသပ်ပေးပါ။

ဖြေ- “တပ်မတော်နေ့မှာ  လူသတ်ပွဲကြီးကို တစ်ကမ္ဘာလုံးကတွေ့နိုင်အောင် ဒီအာဏာသိမ်းစစ်ကောင်စီက ပြုလုပ်သွားတာဖြစ်ပါတယ်။ အဲလိုလုပ်ခြင်းအားဖြင့် သူတို့တွေ တရားဝင် အကြမ်းဖက် အဖွဲ့အစည်းဖြစ်ပြီဆိုတာကို ကမ္ဘာကိုကြေညာလိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီကုလသမဂ္ဂမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များနဲ့ ချက်ချင်းစကားပြောခဲ့ပါတယ်။ ဒီလာမယ့်နေ့တွေမှာ  အမေရိကန်အစိုးရနဲ့ အထူးသဖြင့် အနောက်နိင်ငံ အစိုးရအဖွဲ့တွေနဲ့ ဆက်လက်ပြောပြီးတော့ ဒီအာဏာသိမ်းစစ်ဗိုလ်ချုပ်တွေ အားလုံးနဲ့ အဖွဲ့အစည်းကို သူတို့ကို ကမ္ဘာမှာအကြမ်းဖက်အဖွဲ့တွေလို့  သတ်မှတ်ဖို့ရန် အတွက် မရပ်မနား လုပ်သွားဦးမှာ ဖြစ်ပါတယ်။”

“ဒါကတော့ အင်မတန်မှ အရေးကြီးတဲ့လို့ထင်တယ်။ ကျနော်တို့ကြားခဲ့တာ  ISIS  တွေပဲ သူတို့နိုင်ငံမှာ  လက်နက်တွေကိုင် ပြီးတော့ သူတို့နိုင်ငံသားတွေကို အကြမ်းဖက်တာ သတင်းစာတွေမှာပဲ ဖတ်ဖူးတယ်။ အခုဆိုရင်တော့ ဒီစစ်ဗိုလ်ချုပ်တွေဟာ  ISIS တွေနဲ့ ဘာမှ မကွာတော့ပါဘူး။ ကိုယ်နိုင်ငံသားတွေကို အဲလိုလက်နက်သုံးပြီးတော့ တစ်နေ့ထဲမှာ လူတစ်ဆယ် တစ်ရာသတ်တယ်ဆိုတာက ISIS တွေ တောင်မှ လူတစ်ရာ တစ်ဆယ်သတ်တယ်ဆိုတာ မကြားဖူးသေးပါဘူး။ ဆိုတော့ ဒီအာဏာသိမ်းစစ်ကောင်စီသည် ISIS တွေထက်တောင်ပိုဆိုးနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို၊ ဒါကတော့ သူတို့ကြေညာတဲ့အတိုင်း လက်ခံတတ်ဖို့ အရေးကြီးပါတယ်”။

မေး- အမေရိကန်အပါအဝင် ၁၂ နိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ ကြေညာချက်က မြန်မာနိုင်ငံအတွက်  ဘယ်လောက်ထိ ထိရောက်နိုင်မလဲ။

ဖြေ- “အခုဆိုရင်တော့ စကားလုံးထက် အလုပ်က ပိုအရေးကြီးလာပြီ။ ကျနော်တို့က ဒီအာဏာသိမ်းစစ်ကောင်စီတွေကို အမြစ်ပြတ်အောင်လုပ်ဖို့က  နံပါတ် ၁။ ဒီအာဏာသိမ်းစစ်ကောင်စီစစ်ဗိုလ်ချုပ်တွေ အားလုံးကို နိုင်ငံတကာစံချိန်စံညွန်းနဲ့ အညီ အရေးယူဖို့ အရေးကြီးပါတယ်။ အဲလိုအရေးယူဆောင်ရွက်တဲ့ အခါမှာ ခုလိုနိုင်ငံတကာ ထုတ်ပြန်ကြေညာချက်တွေဟာ ကမ္ဘာသမိုင်းမှာကော မြန်မာ့သမိုင်းမှာကော ကျန်ခဲ့မှာဖြစ်ပါတယ်။ လာမဲ့နှစ်တွေ ကျနော်တို့ခေတ်တွေမှာ ကျနော်တို့ ကလေးတွေ အထိလာမယ်။ ကျနော်တို့ ကလေးတွေ ခေတ်ပြီးရင် ကျနော်တို့ မြေးတွေခေတ်မှာလာမယ်။ အဲလိုခေတ်အဆက်ဆက်ကလည်း ရက်ရက်စက်စက် ဒီလိုဖြစ်ခဲ့တယ်ဆိုတာကို သူတို့တွေသိလာအောင် သမိုင်းတစ်ခုရေးခဲ့တာပဲဖြစ်ပါတယ်။ တစ်ဖက်ကပြောမယ်ဆိုရင် Statement ထက်ပိုပြီးရေးကြီးတာက အလုပ်က ပိုပြီးအရေးကြီးတယ်။ ပြောတာထက် လုပ်တာက ပိုအရေးကြီးတယ်။ ပြောလည်း ပြောရမယ် လုပ်လည်းလုပ်ရမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြောတာတော့ နိုင်ငံတကာက ပြောပြီ အခုကတော့ လုပ်ဖို့ကို ကျနော်တို့က  မရပ်မနားဘဲနဲ့ နိုင်ငံတာကာ ဆက်လက်ဆွေးနွေးတာဖြစ်ပါတယ်။”

မေး- တိုင်းရင်းသားဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်မှု အပေါ်ဘာမှတ်ချက်ပေးချင်သလဲ။

ဖြေ- “ဒီတပ်မတော်နေ့မှာ လူသတ်ပွဲကိုပြုလုပ်တာ ဖြစ်တယ်။ လူသတ်ပွဲကြီးကိုလုပ်တဲ့ အခါမှာ နိုင်ငံတချို့ကလည်း  အဲဒီလူသတ်ပွဲလုပ်တာကို လာကြည့်တာလည်းရှိတယ်။ အခုနပဲ အိန္ဒိယနိုင်ငံရဲ့  မီဒီယာတစ်ခုနဲ့ အင်တာဗျူးလုပ်တယ်၊ အိန္ဒိယလည်း အဲဒီနိုင်ငံမှာဝင်လာတာကြောင့် အိန္ဒိယရဲ့ မီဒီယာအကြီးဆုံးကို ပြောလိုက်တာကတော့ အိန္ဒိယနိုင်ငံသည် ကမ္ဘာမှာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တာကြောင့် အဲလိုလူသတ်ပွဲတွေကို မသွားဖို့ရန် အတွက် မေတ္တာရပ်ခံထားပါတယ်။ အဲဒီမှာတစ်ခုတွေ့တာကတော့ ရုရှားလည်း ပါတာတွေ့ရတယ်။ ဒုတိယကာကွယ်ရေး ဝန်ကြီးကိုယ်တိုင်တက်ပြီး အဲဒီလူသတ်ပွဲကြီးကို လာကြည့်တာဖြစ်တယ်။ ဒါလုံးဝကိုလည်း  နိုင်ငံတကာအတွက် ရှက်စရာကောင်းသလို ၊ သူတို့နိုင်ငံအတွက်ကော သူ့နိုင်ငံသူ နိုင်ငံသားတွေအတွက်လည်း ရှက်စရာကောင်းပါတယ်။  ဘယ်နိုင်ငံမှာမှ ISIS တွေရဲ့ လူသတ်ပွဲကိုလာကြည့်တာမရှိဘူးနော။ အယ်ကိုင်ဒါးတွေလူသတ်တဲ့ ပွဲကိုလာကြည့်တာမရှိဘူးနော။ ဒါကလည်း ကျနော်တို့က နိုင်ငံတာစံချိန်စံညွှန်းနဲ့ မညီဘူး”။

“ဒါနံပါတ် တစ်ပေါ့၊ ဆိုတော့  အဲမှာ ရုရှားကလာတဲ့ ကာကွယ်ရေးဝန်ကြီးရှိနေတော့ သူ့ဗိုလ်ချုပ်ကြီးတွေက ဘယ်ကနေပိုက်ဆံရလဲမသိတော့ အဲဒီ   su 30 လို့ခေါ်တဲ့ ရုရှားက ဝယ်ထားတဲ့ လက်နက်ကို အဲဒီ ဗုံးဂျက်လေယာဉ်ကို  အသုံးပြုပြီးတော့ ကရင်ပြည်နယ်ကို သွားတိုက်တာဖြစ်တယ်။ ဆိုတော့ ကျနော်တို့ကလည်း ဒါကိုသေချာယူထားပြီးတော့ အဲဒီပိုက်ဆံတွေ ဒီစစ်ဗိုလ်ချုပ်တွေက မြန်မာပြည်သူလူထုဆီမှာရှိတာတွေ ထုတ်ပြီးတော့ ဓာတ်ငွေ့တွေကို ရောင်းတယ်ဆိုတာတွေကို ဖော်ထုတ်တဲ့ အဖွဲ့အစည်းတွေရှိတယ်။ ဥရောပက  အဲဒီ တိုတယ်ကုမ္ပဏီဆီက အခွန်ကနေရပြီးတော့ အဲလိုနဲ့သူတို့က ပြည်သူလူထုဆီက ပိုက်ဆံကိုခိုးပြီးတော့ အဲဒီစစ်လေယာဉ်  ရုရှားဆီက ဝယ်တယ်၊ ပြည်သူ့ဆီက ခိုးပြီးတော့ ရုရှားဗုံးကြဲလေယာဉ်ကို  ရုရှားဒုဝန်ကြီးချုပ်က လူသတ်ပွဲကြီးကို လာကြည့်တဲ့အခါ ဒါကိုသူတို့က အစွမ်းပြတာဖြစ်တယ်။ သူတို့ကတော့ မသိဘူးလို့ ထင်တယ်။ တစ်ကမ္ဘာလုံးက ဒီလိုဖြစ်နေတယ်ဆိုတာကို နံပါတ်တစ် အခုနလို လူထုဆီကနေ ပိုက်ဆံလုတယ်။ လူထုဆီကနေ ပိုက်ဆံကိုခိုးတယ်၊ အဲပိုက်ဆံကို ရုရှားလေယာဉ်ကို ဝယ်တယ်။ ရုရှားစစ်လေယာဉ်ကို  ရုရှားက ဒုဝန်ကြီးလာတဲ့အချိန် လူသတ်ပွဲမှာ ရုရှားတွေ မြင်အောင် လုပ်ပြတာဖြစ်တယ်။ ဒါက လုံးဝလက်ခံမှာ မဟုတ်သလို မြန်မာပြည်သူလူထု သန်း ၅၄ သန်းကဘယ်တော့မှ ဒါကိုလက်ခံမှာမဟုတ်ဘူး။ သူ့သမိုင်းကို သူရေးထားတာဖြစ်တယ်။ သမိုင်းကိုပြန်ရေးလို့ မရတော့ဘူး။ ကျနော်တို့ မြန်မာလူထုအတွက်လည်း ဘယ်သူက ကျနော်တို့ရဲ့ ရန်သူ ဘယ်သူက ကျနော်တို့ရဲ့ မိတ်ဆွေဖြစ်တယ်ဆိုတာကို  မျက်စိဖွင့်ပြီးတော့ ကြည့်သင့်ပါတယ်။”

မေး- မြန်မာနိုင်ငံမှာ  အကြမ်းဖက် စစ်တပ်က ကလေးသူငယ်တွေကို အသေပစ်သတ်ခဲ့တာတွေ အပေါ် ကမ္ဘာသိအောင်ဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ။ 

ဖြေ- “ဒီစစ်ဗိုလ်ချုပ်တွေက ဘယ်လောက်ရက်စက်ပြီးတော့ အခုန ကျနော်ပြောသလိုပေါ့  ISIS တွေထက်ပိုဆိုးနေတဲ့ သူတွေဖြစ်တယ်ဆိုတာကို သူတို့ဟာနဲ့ သူတို့ သက်သေပြနေတာဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင်လည်း ကလေးတွေ၊ နို့တိုက်မိခင်တွေ ဥပမာ တိုက်တန်းနစ်သဘောကြီးကို ကြည့်ပါ၊ အဲလိုသဘောတွေတောင်ပျက်လို့ လူတွေ သေတော့မယ်ဆိုရင် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို အရင်ဆုံးထုတ်ရပါတယ်။ အသက်ကယ်တင်ထားရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ  ဒီစစ်ဗိုလ်ချုပ်တွေက  ကလေးငယ်တွေကိုပဲ Target သတ်နေတယ်ဆိုတာက နံပါတ်တစ် ကျနော်တို့ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာဖြစ်တယ်။ သားစဉ်မြေးဆက် မရှိအောင် လူမျိုးတုံးအောင်လုပ်နေတောဖြစ်တယ်။ ထို့နည်းတူပဲ လူသတ်မှုမှာ အရက်စက်ဆုံးဟာ ကလေးသူငယ်တွေကို သတ်ဖြတ်ခြင်းဖြစ်တယ်။ ကလေးသူငယ်နဲ့ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အဲတာတွေကို ညှဉ်းပန်းနှိပ်စက်တယ်၊ သတ်ဖြတ်တာက အရက်စက်ဆုံးဖြစ်တယ်။”

“ပြောရမယ်ဆိုရင် ISIS တွေတောင်မှ ကလေးကိုမသတ်ဘူးနော။ ဒါအာလုံးသိထားဖို့လိုတယ်။ ကမ္ဘာမှာတောင်မှ အရက်စက်ဆုံး IS တွေတောင်မှ ကလေးတွေကို မသတ်ဘူးဟုတ်တယ်။ ဆိုတော့ သူတို့က အဲလိုတွေ့တဲ့ ကလေးတွေကို ပစ်ပြီးတော့ သတ်ဖြတ်ပြီးတော့၊ အဖေကြီးကနေ ကလေးကိုပိုက်ပြီးတော့ ထွက်ပြေးတာ မနေ့ညဆိုရင် ဘာတွေ့ရလဲဆိုတော့  တစ်ကမ္ဘာလုံးက တွေ့ရတာက  ကလေးအဖေကို သတ်တယ်။ ကလေးအမေကိုဖမ်းတယ်။ ကလေးတွေကို အိမ်မှာချန်ထားတယ်၊ ဆိုတော့ မြန်မာပြည်သူလူထု မကဘဲနဲ့ ကမ္ဘာသူ ကမ္ဘာသားအားလုံးကို သူတို့က နာကျင်ခြင်းကို ဖြစ်စေတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေကြီးတွေ အားလုံးက အဲပုံကိုတွေ့တာနဲ့ မျက်ရည်ကျတယ်၊ တကမ္ဘာလုံးမှာရှိတဲ့ အဖေတွေအားလုံးက  ကျနော်လည်း ကလေးတွေရှိတယ်။ အဲဒီနေရာကို ကျနော်သွားစဉ်းစားကြည့်လိုက်ရင် မျက်ရည်ကျတယ်။  ကျနော်ဆိုရင် တကယ်ငိုတယ်၊ တကယ်မျက်ရည်ကျတယ်။ ဆိုတော့ သူတို့က တစ်ကမ္ဘာလုံးကို မျက်ရည်ကျသွားအောင်လုပ်တာ ဟုတ်တယ်။ ကျနော်တို့သည်  သည်လောက်ရက်စက်နေပါသည်ဆိုတာကို သူတို့က သက်သေအထောက်အထားနဲ့ ပြတယ်ဆိုတော့ သူတို့က လူသတ်မှုကြီးတောင်မှ ရုပ်အဆိုးဆုံး လူသတ်မှုကြီးကို လုပ်နေတယ်ဆိုတာ ကမ္ဘာကို ကြေညာလိုက်တာဖြစ်သလို တကယ်တမ်းဆိုရင်တော့ ကလေးမှာ ဘယ်ရန်သူမှမရှိဘူး။ သူတို့က Innocent လို့ပြောတဲ့ အခါမှာ အပြစ်မဲ့ ပြည်သူတွေလို့ပြောတဲ့ အခါမှာ ကျနော်တို့ ကလေးတွေက အဖြူစင်ဆုံးနဲ့ အရိုးသားဆုံး သူတို့ဟာ ဘာနိုင်ငံရေး ရည်မှန်းချက်မှ မကြီးဘူး၊ ဘယ်အကြမ်းဖက်မှုမှလည်း မရှိဘူး၊ သူတို့မှာ ဘာမှလည်း မရှိဘူးနော။ ဖေဖေမေမေဆိုတာလောက်ပဲ ရိုးသားဖြူစင်တဲ့ ကလေးတွေ၊ သူတို့က အဲလိုသတ်ဖြတ်တယ်ဆိုတာ ကမ္ဘာက သူတို့ကို မျက်နှာကိုကြည့်ပြီးတော့ ဒီအာဏာသိမ်းစစ်ကောင်စီ အဖွဲ့အစည်းသည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာသာမကဘဲ အရက်စက်ဆုံးနဲ့ အဆိုးဝါးဆုံး အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုပဲ သူတို့က သက်သေပြတာဖြစ်ပါတယ်”။

မေး- CRPHရဲ့ ကြိုးစား လုပ်ဆောင်ချက်တွေက ဒီရက်ပိုင်းမှာ ဘာတွေထူးခြားနိုင်မလဲ  ခင်ဗျာ။

ဖြေ- “အခုဆိုရင်တော့ ဒီယာယီဖွဲ့စည်းပုံအခြေခံ ဥပဒေနောက်ကွယ်မှာ လူကြီးတွေ တော်တော်များများက တိုင်းရင်းသားဘက်ကလည်း အများကြီးပါတယ်၊ အဖွဲ့အစည်းကလည်း အများကြီးပါတယ်၊ CRPH ခေါင်းဆောင်တွေကလည်း အများကြီး နေ့ညမပြတ် သူတို့က ဒါကို အချိန်တိုအတွင်းမှာ လုပ်နေပါတယ် လုပ်ပြီးသွားပြီ။ ဒီလမကုန်ခင်မှာ ဒါကဖြစ်လာတော့မယ် ရှိလာတော့မယ်။ ဒါပြီးရင်တော့ ကျနော်တို့တွေ Unity National Government ပေါ်လာမှာဖြစ်တယ်။ ဒီအာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားဖို့ရန်အတွက် အမြစ်ပြတ်ဖယ်ရှားဖို့ရန်အတွက် ကြိုးစားသွားမှာဖြစ်ပါတယ်။ ထို့နည်းတူပဲ ဒီအာဏာသိမ်းစစ်ကောင်စီက မနေ့ည လူသတ်ပွဲကြီးကို ကြည့်မယ်ဆိုရင် သူတို့က အဲလိုလူကို သတ်နိုင်ဖို့ရန်အတွက် အမြင့်ဆုံးမှာရှိတဲ့ ခေါင်းဆောင်တွေက သေချာပြင်ဆင်ထားတယ်။ ညနေမှာ သူတို့က ထုတ်ထားတယ်၊ အပြင်ထွက်ပြီး ဆန္ဒပြတဲ့သူတွေကို ခေါင်းမှာပစ်မယ်၊ ဖြတ်မယ်ဆိုတာ အဲဒီပေါ်လစီနဲ့ လုပ်ထားတာ။ ဆိုတော့ ကျနော်တို့ကလည်း လက်ပိုက်ပြီး ကြည့်လို့မရတော့ဘူး အဆုံးထိ ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ ဆိုတော့ ပြောချင်တာကတော့ အဲဒီပေါ်လာမဲ့ အစိုးရသည် ဖက်ဒရယ်ဒီမိုကရတ်တစ် အစိုးရဖြစ်သလို နိင်ငံတစ်ကာ ထောက်ခံအားပေးမှုဟာလည်း ကြီးမားလာခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဟာလည်း နေ့ညမပြတ် ကျနော်ဆိုရင်  တစ်ညကို သုံးနာရီနဲ့ လေးနာရီအိပ်ဖို့ပဲ အချိန်ရှိတယ် ၊ကျန်တဲ့ နှစ်ဆယ်နာရီကို အလုပ်လုပ်ပါတယ် ၊ မြန်မာပြည်သူလူထုအတွက်ကို မနက်နေထွက်တဲ့ အချိန်ကနေ ညနေ နေဝင်တဲ့ အထိ အလုပ်လုပ်နေတဲ့ သူတွေ အများကြီးရှိတယ်။ အဲလို အလုပ်လုပ်နေတဲ့ သူတွေရှိတဲ့ အတွက်ကြောင့် ဒီပေါ်လာမယ့် အစိုးရဟာလည်း နိုင်ငံတကာထောက်ခံမှု အများကြီးရထားသလို ပြည်သူလူထု အတွက်ဖက်ဒရယ် ဒီမိုကရတ်တစ် အစိုးရဖြစ်လာမယ်”။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024