Home
မြန်မာသတင်း
နေပြည်တော်က အိမ်တော် လုံခြုံရေးရဲ ၁ ဦး CDM ဝင်၊ သမ္မတ ဦးဝင်းမြင့်အခြေအနေ ထုတ်ဖော်ပြောဆို
DVB
·
March 29, 2021

နေပြည်တော်က အိမ်တော်တွေကို လုံခြုံရေးယူရတဲ့ ရဲတပ်ရင်းတခုက တပ်သားတယောက် ပြည်သူ့ဘက်က ရပ်တည်တဲ့ CDM မှာ ပူးပေါင်းပါဝင်လာပြီး ဖမ်းဆီးခံရတဲ့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ အခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

ရဲတပ်ရင်း ၁၈ ဟာ နေပြည်တော်က လွှတ်တော်နဲ့ အကြီးအကဲအိမ်တော်တွေကို လုံခြုံရေး တာဝန်ယူရတဲ့ တပ်ရင်းတခုဖြစ်ပြီး ရဲတပ်သား ကိုလင်းလင်းထူး (ကိုယ်ပိုင်အမှတ် လ ၂၀၅၅၃ဝ)ဟာ ပြည်သူ့ဘက်ကနေ ရပ်တည်လာခဲ့တာပါ။

“ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်တာမျိုး ကျနော် မလုပ်နိုင်ဘူး။ ဒါကြောင့် တပ်ရင်းကနေ ခွင့်တင်ပြီး ထွက်လာတယ် ။ ဒီနေ့တော့ DM လုပ်တယ်ဆိုတာ ကြေညာလိုက်တယ်” လို့ တပ်သား ကိုလင်းလင်းထူးက ပြောပါတယ်။

သူဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းတဲ့နေ့အထိ ပြည်ထောင်စုလွှတ်တော်နာယကရဲ့ အိမ်တော်မှာ လုံခြုံရေးတာဝန်ယူခဲ့ရပြီး အဲဒီနေ့ ညပိုင်းမှာတော့ စစ်ကြောင်းရုံးကို ပြန်လာခဲ့ရတယ်လို့ ဆိုပါတယ်။

“နေ့လယ်မှာ ကျနော်တို့အားလုံး အဆောင်မှာ ပြန်ပြီး အိပ်နေရတယ်။ ဘာမှမလုပ်ရဘူး၊ ပြီးတော့ ပစ္စည်းတွေသိမ်းပြီး ဝ ဘုရားနား (လွှတ်တော်အဝင်ဂိတ်နား)က စစ်ကြောင်းရုံးကို သွားရတယ်။ အဲဒီမှာညအိပ်ပြီး နောက်နေ့မှာ သမ္မတဦးဝင်းမြင့်ကိုထားတဲ့ အိမ်တော်ကို သွားရတယ်”လို့ ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို အိမ်တော်တွေထဲက တခုဖြစ်တဲ့ A 29 မှာ ထိန်းသိမ်းထားပြီး အတွင်းအပြင်မှာ စစ်သားနဲ့ ရဲတွေ စောင့်ကြပ်ထားတယ်လို့ သူက ဆိုပါတယ်။

"အိမ်တော်ထဲမှာက အကြမ်းဖက်(နှိမ်နင်းရေး)အဖွဲ့က စစ်ဝတ်စုံနဲ့လူတွေရှိတယ်။ အပြင်မှာက ကျနော်တို့တပ်ရင်းက ရဲတွေနဲ့ စစ်သားတွေ ရှိတယ်။ ကျနော်တို့ အဲဒီကိုရောက်ပြီးတော့ ကင်းမျှော်စင် ၆ ခု ဆောက်ရတယ်။ သမ္မတကြီးတို့လင်မယားက မနက်နဲ့ ညနေမှာ အိမ်ရှေ့ကိုထွက်ပြီး လမ်းလျှောက်ကြတယ်။ အဲအချိန်မှာဆို ကျနော်တို့က မျှော်စင်ပေါ်ကနေ သေချာစောင့်ကြည့်ရတယ်” လို့ သူက ပြောပါတယ်

အဲဒီအိမ်တော်ကို ထမင်းပို့ဖို့အတွက် ကားလေး ၁ စီးနဲ့ လူ ၂ ယောက်ပဲ အမြဲ ပုံမှန် ဝင်ထွက်လေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024