ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပညာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနေရာမှာ တချို့ဆရာ၊ ဆရာမတွေက အကြောင်းအမျိုးမျိုးကြောင့်ကာကွယ်ဆေးမထိုးဖြစ်တာကို မြို့နယ်ပညာရေးမှူးရုံးက ထုချေလွှာတောင်းခံနေတယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
သံတွဲမြို့နယ်အတွင်းမှာ မတ်လ ဒုတိယအပတ်က ပညာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနေရာမှာ တချို့ကျောင်းဆရာ၊ ဆရာမတွေက သူတို့ရဲ့ ကျန်းမာရေးအခြေအနေရ ဆေးမထိုးဘဲ နေခဲ့ကြပါတယ်။
အဲဒီလို ဆေးမထိုးဘဲနေခဲ့တာကို ပညာရေးဌာနတာဝန်ရှိသူတွေ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်လို့ ယူဆကြတဲ့အတွက် ဒီနေ့မှာ ဆေးမထိုးတဲ့ ဆရာ၊ ဆရာမတွေကို သံတွဲမြို့နယ် ပညာရေးမှူးရုံးကို လာရောက်စေပြီး ထုချေလွှာတင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
" သွေးတိုးရောဂါရှိရင် အဲဒီဆေးထိုးလို့မရဘူးလို့ သိတဲ့အတွက် ကိုယ့်အသိနဲ့ကိုယ် သွားမထိုးဘဲ နေခဲ့တာ။ ကလေးနို့တိုက်နေတဲ့သူတွေလည်း မထိုးရဘူးလို့ဆိုတဲ့အတွက် တချို့ကလေးရှိတဲ့ ဆရာမတွေလည်း ဆေးမထိုးကြဘူး" လို့ ဆေးမထိုးတဲ့ ကျောင်းဆရာမတယောက်က ဆိုပါတယ်။
ဒါကြောင့် ဆေးမထိုးတဲ့ ဆရာ၊ ဆရာမတွေဟာ သံတွဲမြို့နယ်ပညာရေးမှူးရုံးကို ထုချေလွှာတင်ကာ လာရောက်ရှင်းလင်းပြနေရတယ်လို့ ဆရာ၊ ဆရာမတွေက ဆိုပါတယ်။
တချို့ကလည်း စစ်ကောင်စီက ထိုးပေးနေတာဖြစ်လို့ ဆန္ဒပြတဲ့အနေနဲ့ ဆေးမထိုးဖို့ ဆုံးဖြတ်ထားတာတွေရှိတယ် လို့ဆိုပါတယ်။