မြန်မာနိုင်ငံမှာ ပြည်သူတွေအပေါ်သတ်ဖြတ်တာတွေကို ရပ်တန်းကရပ်ဖို့ အတွက် အာဏာသိမ်းစစ်အုပ်စုကို ပိုမိုပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ဂျပန်အစိုးရနဲ့ နိုင်ငံတကာအသိုက်အဝန်းကို ဂျပန်နိုင်ငံရှိ မြန်မာ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။
မတ်လ ၂၃ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်အစိုးရကို လက်နက်ရောင်းချမှု ပိတ်ပင်တာတွေ လုပ်ဖို့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံသားများသမဂ္ဂ ဒါရိုက်တာ ဦးကျော်ကျော်စိုးက ဂျပန်အစိုးရဲ့ သြဇာကို သုံးပြီး စစ်ဗိုလ်ချုပ်တွေကို တိုက်ရိုက်ပြောဆိုဖို့ ဂျပန်အစိုးရကို တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဂျပန်နိုင်ငံက စောင့်ကြည့်နေပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်သွားမယ်လို့ ပြိးခဲ့တဲ့ သီတင်းပတ်မှာ ဂျပန်အရာရှိ တစ်ဦးက ပြောဆိုထားပါတယ်။
ဂျပန်ဟာ မြန်မာနိုင်ငံရဲ့ အဓိကအလှူရှင် နိုင်ငံတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းကိစ္စတွေမှာ မြန်မာနဲ့ အတော်ကြာ နီးကပ်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။