မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းအပြီး ဆိုးရွားလာတဲ့ အခြေအနေကို ဖြေရှင်းဖို့ မြန်မာနိုင်ငံထဲက သက်ဆိုင်တဲ့ဘက်အားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့နဲ့ ပြန်လည် ရင်ကြားစေ့ကြဖို့ မျှော်လင့်တယ်လို့ စင်ကာပူနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေက မတ်လ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
မလေးရှားကို အလည်အပတ်ရောက်နေတဲ့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန်က မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ် စရီဟီရှမ်မဒ်ဒင်ထွန်းဟူစိန်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
မြန်မာနိုင်ငံထဲက ပတ်သက်သူ အားလုံး အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းကြဖို့ကို မလေးရှားနဲ့ စင်ကာပူ နှစ်နိုင်ငံလုံးက အားပေးတယ်လို့လည်း ပြောပါတယ်။
“လက်နက်မဲ့ အရပ်သားတွေကို အကြမ်းဖက်တယ်လို့ ကျနော်တို့ ယုံကြည်ထားတဲ့ လူသားချင်း စာနာမှုဆိုင်ရာကပ်ဘေးဟာ ခွင့်မလွှတ်နိုင်စရာပဲ။ မြန်မာနိုင်ငံထဲက အခြေအနေကို ကျနော်တို့ အင်မတန် စိုးရိမ်တယ်”လို့ ဒေါက်တာ ဗီဗီယန်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာ့ ပြည်တွင်းရေးကိစ္စကို ဘယ်ပြည်ပ စွက်ဖက်မှုမှ မရှိသင့်ဘူးလို့ သူတို့ နှစ် နိုင်ငံလုံးက ယုံကြည်ကြောင်းလည်း ပြောပါတယ်။
“အာဆီယံ အဖွဲ့ဝင်အနေနဲ့ ဖြစ်နိုင်သမျှ အများဆုံးပမာဏ အနေနဲ့ ကျနော်တို့ဟာ ခုထက် အများကြီး ပိုကောင်းကောင်း ထိုက်တန်တဲ့ မြန်မာပြည်သူတွေကို ထောက်ခံဖို့ အကောင်းဆုံး လုပ်ပေးဖို့ အဆင်သင့်ပါ”လို့ ဒေါက်တာ ဗီဗီယန်က ပြောပါတယ်။
မလေးရှားနဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနဲ့ ပတ်သက်တဲ့ ကိစ္စတွေအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးကိစ္စ တွေကိုလည်း ဆွေးနွေး ခဲ့ပါတယ်။
ဒေါက်တာ ဗီဗီယန်ဟာ ဒေသတွင်း ခရီးစဉ်အရ မလေးရှား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေဆီ ခရီးထွက်နေတာဖြစ်ပြီး သူဟာ မလေးရှား ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံဖို့ စီစဉ် ထားတယ်လို့ မလေးမေးလ်သတင်းဌာနနဲ့ ဘာနာမာ သတင်းဌာနတို့က သတင်းထုတ်ထားပါတယ်။