ဒီမိုကရေစီရေးဆန္ဒပြတဲ့ လက်နက်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ မြန်မာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ထိပ်တန်း အရာရှိကြီး ၂ ယောက်နဲ့ တပ်မ ဌာနချုပ် ၂ ခုကို ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အရေးယူခံရသူတွေကတော့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နင်းရာမှာ အဓိကတာဝန်ရှိတဲ့ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ ရဲချုပ် ပြည်ထဲရေး ဒု ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တိုက်ရိုက်အစီရင်ခံရတဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဒု-ဗိုလ်ချုပ်ကြီးအောင်စိုးတို့ နှစ်ဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းအရေးယူလိုက်တာဖြစ်ပါတယ်။
ဒါ့ပြင် မန္တလေးက ဆန္ဒပြသူတွေကို ကျည်ဆန်အစစ်တွေနဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်ကိုင်း အခြေစိုက် အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်နဲ့ ရန်ကုန်က ဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ပဲခူးအခြေစိုက် အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်တို့ကိုလည်း လည်း ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက် ခြိမ်းခြောက်မှုတွေဆက်လက်ကျူးလွန်နေတာကို ပြန်လည် တုံ့ပြန်ဖို့ ခုလိုလုပ်ဆောင်တာလို့ ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူသေစေတဲ့ အကြမ်းဖက်မှု တွေ ရပ်တန်းက ရပ်ရမယ်" လို့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး ဒါရိုက်တာ အန်ဒါရာအမ်ဂတ်ကီက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့လုပ်ရပ်အတွက် တာဝန်ယူတာဝန်ခံမှုရှိလာအောင် အမေရိကန် ဘဏ္ဍာရေးဌာနအနေနဲ့ အာဏာအပြည့်အဝသုံးပြီး ဆက်လုပ်သွားမှာဖြစ်သလို မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်သွားမယ်လို့လည်းပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း “မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေမြင့်တာလာတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရက အရာရှိ ၂ ယောက်နဲ့ စစ်ဌာနချုပ် ၂ ခုကို အရေးယူမှုတွေချမှတ်လိုက်ကြောင်းနဲ့ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ ရက်ရက်စက်စက်သတ်ဖြတ်မှုတွေကို ရပ်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲဖို့ မြန်မာစစ်အုပ်စုကို ထပ်မံတောင်းဆိုတယ်”လို့ သူ့ရဲ့ ထွစ်တာလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အလားတူ ဥရောပသမဂ္ဂ (အီးယူက)ကလည်း မြန်မာပြည်မှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းရာမှာ တာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင် ၁၀ ဦးနဲ့ စစ်အုပ်စုက ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသစ် ၁ ဦး စုစုပေါင်း ၁၁ ဦးကိုလည်း ပိတ်ဆို့အရေးယူတွေ ချမှတ်လိုက်တယ်လို့ မတ်လ ၂၂ ရက်က ထုတ်ပြန်ပါတယ်။
အီးယူက ပိတ်ဆို့အရေးယူလိုက်တဲ့ ပုဂ္ဂိုလ် ၁၁ ဦးကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုသမ္မတဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ဒု- ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒု-ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ ရွေးကောက်ပွဲကော်မရှင်သစ် ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ ဖြစ်ကြပါတယ်။
အဆိုပါ ပုဂ္ဂိုလ်တွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ သူတို့ရဲ့ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာအပြင် သူတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ အားလုံးကိုပါ တားမြစ်ပိတ်ပင်လိုက်ပါတယ်။