Live
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော် နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေ
DVB
·
March 22, 2021

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီလှုပ်ရှားမှုတိုက်ပွဲမှာ ဖမ်းဆီးခံရတဲ့သူတွေဟာ ဥပဒေအတိုင်းခုခံကာကွယ်ပိုင်ခွင့်မရလို့ နိုင်ငံသားအခွင့်အရေးဆုံးရှုံး နေတဲ့အပြင် လူ့အခွင့်အရေးတွေပါ ဆုံးရှုံးနေတယ်လို့ ဖမ်းဆီးခံရသူတွေအတွက် အခမဲ့ အကျိုးဆောင်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။ 

ဒီမိုကရေစီလှုပ်ရှားမှုမှာ အကြမ်းဖက်ဖမ်းဆီးခံရသူတွေအပါအဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူတွေကို ရန်ကုန်မြို့မှာရှိတဲ့ ရှေ့နေ ၅၀ လောက်က ဥပဒေ အထောက်အကူပေးနိုင်ဖို့ အခမဲ့ ကူညီပေးနေတာရှိသလို ပြည်နယ်နဲ့တိုင်းအသီးသီးက ရှေ့နေတွေနဲ့ ချိတ်ဆောင်ရွက်ပေးနေတာပါ။

ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေကိုယ်တိုင် အကူအညီတောင်းခံလာရင် ဖမ်းဆီးခံရ သူတွေအတွက် ဥပဒေအကာအကွယ်ရဖို့ ရှေ့နေတွေက စာရင်းမှန်မမှန်သိရဖို့နဲ့ဖမ်းဆီးခံရသူတွေ ထောင်ထဲမှာရှိမရှိစုံစမ်းပေးတာရှိတယ်လို့ ပြောပါတယ်။ 

ဒီလိုစုံစမ်းတဲ့အခါ စုံစမ်းမရတဲ့အဖြစ်မျိုးတွေအပါအဝင် ရှေ့နေတွေနဲ့ဆက်သွယ်မရတာ၊ တရားရုံးက ရမန်မရှိဘဲ ဖမ်းဆီးထားပြီး အချိန်အတော်ကြာမှ တရားရုံးရမန်ယူတာတွေ ရှိနေ တယ်လို့ ဦးလှမျိုးမြင့်က ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ပုဒ်မ ၅၀၅ (က) နဲ့ ပုဒ်မ ၅၀၅ (ခ)ကို လိုသလို အသုံးပြုတရားစွဲနေတာရှိပြီး ဖမ်းဆီးထားသူတွေကို တရားရုံး မတင်သေးတာကြောင့် ရှေ့နေတွေအနေနဲ့ အမှုလိုက်ပါဆောင်ရွက်ခွင့် မရသေးဘူးလို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ အကြမ်းဖက်မှုတွေခံနေရတာရှိသလို ရှေ့နေတွေနဲ့ တွေ့ခွင့်မရတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း တရာဥပဒေနဲ့အညီ ဥပဒေခံစားခွင့်တွေ မရတာအပြင် လူ့အခွင့်အရေးတွေပါ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ၂၀၀၀ ကျော်ရှိနေသလို အဲဒီအထဲမှာ NLD ပါတီဝင် ၂၀၀ ကျော်လည်း ဖမ်းဆီးခံနေရတာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024