မတ်လ ၂၇ ရက်နေ့တွင် ဂျပန်စစ်သံမှူးနှင့် သံရုံးဝန်ထမ်းများကို နေပြည်တော်သို့ လုံးဝ စေလွှတ်မည် မဟုတ်

မတ်လ ၂၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနားကို ရန်ကုန်ရှိ ဂျပန်သံရုံးဝန်ထမ်းတွေ၊ စစ်သံမှူးတွေနဲ့ သံရုံးနဲ့ ပတ်သက်သူတွေကို လုံးဝစေလွှတ်မှာ မဟုတ်ဘူးလို့   ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတိုကီက ပြောပါတယ်။

ပြည်သူတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို လုံးဝ ချက်ချင်းရပ်ဆိုင်းကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရအနေနဲ့ တောင်းဆို လိုက်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတိုကီက ပြောပါတယ်။  

မတ်လ ၁၉ ရက်က  တိုကျိုမြို့ ဂျပန်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ အထက်လွှတ်တော် အမတ် မီချီဟီရိုအီချီဘရှီရဲ့ မေးခွန်းကို နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ် ယိုရှိဟီဒဲစုင ကလည်း  မြန်မာနိုင်ငံရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် အဖက်ဖက်ကနေ တိုက်တွန်း ဆောင်ရွက်မယ်လို့ ပြောတဲ့အကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

အထက်လွှတ်တော်အမတ် မီချီဟီရိုအီချီဘရှီရဲ့ကလည်း ပြည်သူတွေကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို နိုင်ငံတကာနည်းတူ ဂျပန်က အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up