ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက် ကိုးသောင်း ရပ်ကွက်ထဲကို မတ်လ ၁၇ ရက်နေ့က အကြမ်းဖက်ရဲနဲ့စစ်တပ်က လာရောက်ပစ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အသက် ၁၁ နှစ်အရွယ်ကလေး ပြန်လွတ်လာပြီလို့ သိရပါတယ်။
ရဲနဲ့စစ်တပ်ဟာ စကားဝါ ၁ လမ်းကနေ ၆ လမ်းအထိ လမ်း ၁ လမ်းကို သေနတ် ၅ ချက်လောက်ပစ်ဖောက်ပြီး ကွမ်းယာဆိုင်မှာရှိနေတဲ့ အသက် ၁၁ နှစ်အရွယ် ၆ တန်းကျောင်းသူ မဇင်မျိုးသူကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးတာလို့ မျက်မြင်တွေ့ခဲ့သူက DVB ကိုပြောပါတယ်။
"မနက်ပိုင်းက ရပ်ကွက်ထဲဝင်ပစ်တာ ဘာကြောင့်လို့မသိရဘူး၊ ပြီးတော့ ကွမ်းယာဆိုင်က ကလေးကို ခေါ်သွားတာ ညနေပိုင်းမှ ပြန်လွှတ်ပေးတယ်လို့ ကလေးအမျိုးတွေက ပြောတယ်''လို့ ပြောပါတယ်။
ရဲနဲ့စစ်တပ်က အသက် ၁၁ နှစ်အရွယ်ကလေးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရပ်ကွက်ထဲ ဆန္ဒပြတာနဲ့ ညပိုင်းသပိတ်လုပ်တာတွေ ရှိလာမေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြန်လွတ်လာတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးမှာ ထိခိုက်ဒဏ်ရာရတာမျိုး ရိုက်နှက်ခံထားရတာမျိုး တစုံတရာမတွေ့ဘူးလို့ ကလေးရဲ့ပတ်ဝန်ကျင်က ဒေသခံတွေက ပြောဆိုပါတယ်။