ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ တပ်မတော်တို့ မတ် ၁၅ ရက် ညနေပိုင်းက မြစ်ဆုံအထက် ဂွေထော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တန်ဖဲကျေးရွာ RC ချက်ကျောင်းအတွင်းသို့ စစ်ဘေးရှောင်တွေရောက်ရှိနေပြီး အစားအသောက် အကူအညီလိုအပ်နေ တယ်လို့ စစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။
"လုံလုံခြုံခြုံနဲ့နေဖို့ လိုအပ်တယ်။ ဘုရားကျောင်း ဝန်းထဲမှာနေတော့ အဆောင်တွေရှိတော့ နေဖို့ အဆင်ပြေတယ်။ အဓိက ကတော့ စားဖို့သောက်ဖို့နဲ့ အဝတ်အထည်ပေါ့။ ကျန်းမာရေး အတွက် ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။"
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လေတဲ့ ပြည်သူ ၂၀၀ ကျော်လောက်ဟာ တန်ဖဲ ကျေးရွာ RC ချက်ကျောင်းမှာနေထိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ လသား ကလေးငယ်တွေနဲ့ အသက် ၉၀ ကျော် အဘိုးအဘွားတွေလည်း ပါဝင်ပါတယ်။
မြစ်ဆုံအထက်ပိုင်းမှာရှိတဲ့ တန်ဘောင်ယာန်၊ ဂွေထော်၊ ဆနီတူယာန်၊ အူရှစ်ဇွပ် ကျေးရွာမှ စစ်ရှောင်လာသူတွေဖြစ်ပြီး သေနတ်သံတွေကြားနေရပေမယ့်လည်း အထိအခိုက်မရှိဘဲ တန်ဖဲကျေးရွာမှာရှိတဲ့ RC ချက်ကျောင်းသို့ ရွေ့ပြောင်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။