အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင်တွေက ထပ်မံ သဘောတူ လိုက်ပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်တည်းက အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပေမဲ့ ဝေဖန်မှုတွေကြောင့် ဗဟိုကော်မတီအစည်းအဝေး ထပ်မံ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ မတ် ၁၅ ရက်က သံဖြူဇရပ်မြို့မှာ ကျင်းပတဲ့ မွန်ညီညွတ်ရေးပါတီဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးမှာတော့ အာဏာသိမ်း စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစည်းအဝေး တက်ရောက်သူ ဗဟိုကော်မတီဝင် ၉၀ မှာ ထောက်ခံသူ ၆၀ ဦး၊ ကန့်ကွက်သူ ၂၆ ဦးနဲ့ အများစုက ထောက်ခံခဲ့တဲ့အတွက်ကြောင့် နစကကောင်စီမှာ ပါဝင်ဖို့ ထပ်မံ သဘောတူလိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ တာဝန်ထမ်းဆောင်ဖို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးကို တာဝန်ပေး အပ်ထားပါတယ်။