စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ ဆားလင်းကြီးမြို့နယ်တို့ မတ် ၁၆ ရက်နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်တဲ့ မြို့နယ်ချင်းဆက်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်ပွဲကို ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ဒေသခံပြည်သူတွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြသလို အရေးကြုံလာရင် နယ်စည်းမခြား ပူးပေါင်း လက်တွဲကြဖို့ကိုလည်း ဆန္ဒပြပြည်သူတွေက ပြောပါတယ်။
“အခုလို ဆောင်ရွက်ကြတာကလည်း စစ်အာဏာရှင်အပေါင်းပါအဖွဲ့က အကြမ်းဖက် ဆောင်ရွက်လာခဲ့ရင် တစ်ရွာနဲ့တစ်ရွာချိတ်ဆက်ပြီး တနေရာဖြစ်ရင် ကျန်တဲ့နေရာတွေကလည်း မဆိုင်သလိုမနေဘဲ ကူညီကာကွယ်ပေးကြဖို့ဖြစ်တယ်”လို့ ဒေသခံတဦးက ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တိုက်ထုတ်ရာမှာလည်း မြို့ကြီးတွေတင်မက ကျေးလက်ဒေသတွေ ကပါ စုပေါင်းလက်တွဲတိုက်ပွဲဝင်မှ စစ်အာဏာရှင်အမြန်ချုပ်ငြိမ်းနိုင်မှာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။