Home
Lead Story
လှိုင်သာယာနှင့် အင်းစိန်တွင် ဆန္ဒပြသူများကို စစ်တပ်နှင့်ရဲက ပစ်ခတ်သဖြင့် ၂၀ ကျော်သေဆုံး
DVB
·
March 14, 2021

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ အင်းစိန်မြို့နယ်မှာ ဒီကနေ့ မတ်လ ၁၄ ရက်က ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် အနည်းဆုံး သေဆုံးသူ  ၂၀ ကျော် ရှိနေပြီလို့  သိရပါတယ်။

လှိုင်သာယာမြို့နယ်ပင်မသိပိတ်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဒီနေ့ နေ့လည် ၁၂ခွဲဝန်းကျင် မှာပစ်ခတ်ဖြိုခွင်းပြီး အကာအရံအတားအဆီးတွေကို မီးရိူ့ခဲ့ကာ အသံဗုံး ရာဘာကျည်၊  ကျည်အစစ်တွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် ဒီကနေ့ည ၈ နာရီလောက်အထိ ဆေးရုံမှာ  သေဆုံး ၁၈ ယောက်ရှိနေပြီး ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်တဲ့သူ ၂ ယောက်အနက် ၁ ယောက်က အခြေအနေမကောင်းဘူးလို့ လှိုင်သာယာဆေးရုံက ဆရာဝန်မတယောက်က ပြောပါတယ်။ ဒါ့ပြင် ခြေလက်တွေထိပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ကဖြိုခွင်းပြီး နေ့လည်ပိုင်းမှာ လှိုင်သာယာမြို့နယ်နဲ့  မြို့နယ်ထဲက အနည်းဆုံး တရုတ်ပိုင် စက်ရုံ ၂ ရုံ  မီးလောင်မှု ဖြစ်ပွားပြီး ည ၇ နာရီဝန်းကျင်အထိ မီးလောင်နေဆဲဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်း အင်းစိန်ပေါက်တောဝ ဘုရင့်နောင်လမ်း ဉယျာဉ်လမ်းထိပ် ဆန္ဒပြပြည်သူတွေကိုလည်း စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် ဒဏ်ရရသူအချို့ ရှိတယ်လို့ ပေါက်တောဝမှာ နေထိုင်သူတဦးက ပြောပါတယ်။

ပစ်ခတ်ဖြိုခွင်းပြီးနောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အောင်ဇေယျတံတားကနေ လှိုင်သာယာဘက်က ဆန္ဒပြသူတွေကို သွားရောက်ပစ်ခတ်ဖြိုခွင်းခဲ့တာလည်း ဖြစ်ပါတယ်။

ညနေ  ၄ နာရီလောက်မှာ အင်းစိန် ပေါက်တောဝ ဆန္ဒပြသူတွေနဲ့ ကမ်းနားကလူတွေ စုပေါင်းပြီး အောင်ဇေယျတံတာားအလယ်လောက်မှာ အရံအတားတွေချကာ တုတ်တွေ လက်နက်တွေ ကိုင်ဆိုင်ပြီး လှိုင်သာယာဘက်ကနေ စစ်တပ်က မလာနိုင်အောင် ပိတ်ဆို့ထားခဲ့ကြပါတယ်။

ညနေ ၄ နာရီကျော်လောက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က လှိုင်သာယာဘက်ကနေ တံတားပေါ် တက်လာပြီး တံတားအလယ်မှာ ပိတ်ဆို့ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူ ၃ ဦး သေဆုံးပြီး အနည်းဆုံး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

“၃ ဦး သေဆုံးတဲ့ထဲက ၂ ဦးကို စစ်သားတွေက အောင်ဇေယျတံတားပေါ်ကနေ ရေထဲ ပစ်ချလိုက်တာတွေ့ရတယ်။ ၁ ဦးကတော့ ဆန္ဒပြသူတွေဘက်က အလောင်းပြန်ရတယ်။ တံတားပေါ်က ပစ်ချခံရတဲ့ ၂ ယောက်ကတော့ ရှာမတွေ့သေးဘူး။ ထိခိုက်ဒဏ်ရသူတွေထဲက အချို့က ပေါင်မှာမှန်တာရှိတယ်၊ လက်မှာလည်း တချို့ထိကြတယ်၊ ဒိုင်းကာထားတဲ့သူတွေ ထိကြတာ များတယ်” လို့ ပြောပါတယ်။

ဒီနေ့ အင်းစိန်ဘက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ လူစီးကား ၃ စီးအပါအဝင် စစ်ကား ၁၂ စီးလောက်နဲ့ အင်အား ရာနဲ့ချီ လာရောက် ဖြိုခွင်းခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဆန္ဒပြသူ ၁၀ ယောက်လောက်ကိုလည်း စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒီနေ့ ညနေ ၃ နာရီခွဲလောက်ကစပြီး အင်းစိန်တံတားအဆင်း လေဟာပြင်ဈေးရှေ့မှာ အရံအတားတွေကို မီးရှို့ထားတာတွေ့ရပြီး တံတားအတက်မှာလည်း ဆန္ဒပြသူတွေ အရံအတားတွေနဲ့ ပိတ်ဆို့ထားပါတယ်။ တံတားအဆင်း ပန်းခြံဘက်မှာတော့ စစ်ကား ၃ စီးလောက်ရှိပြီး စစ်သားတွေက သေနတ်တွေကိုင်ပြီး သွားလာနေကြပါတယ်။

ဒါ့အပြင် အင်းစိန်ပေါက်တောဝ မီးပွိုင့်မှာလည်း အရံအတားတွေကို မီးရှိုထားတာ မြင်တွေ့ရပါတယ်။ 

ဒေသခံတွေပြောကြားချက်အရ အင်းစိန်ခုံးတံတားကနေ အောင်ဇေယျတံတားအထိ လှိုင်မြစ်လမ်းတလျှောက် အရံအတားတွေကို စစ်တပ်က မီးရှိုတာရှိသလို ဆန္ဒပြသူတွေဘက်က ရှို့တာလည်း ရှိတယ်လို့ သိရပါတယ်။

ဒီနေ့ည ၉ နာရီခွဲကျော်အထိ အင်းစိန်ကမ်းနားအလယ်ဘက် အောင်ဇေယျတံတားအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ရှိနေဆဲဖြစ်ပြီး ပစ်ခတ်သံတွေကြားနေရဆဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024