ပဲခူးမြို့ ဘူတာရုံနားမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ချေမှုန်းခဲ့တာကြောင့် အမျိုးသမီး ၁ ဦး ကျဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဆန္ဒပြပွဲ နေ့ခင်း ၂ နာရီလောက်မှာ ပဲခူးဘူတာရဲကင်း မီးလောင်မှုဖြစ်နေတယ်ဆိုတဲ့အတွက် ပြည်သူတွေဝိုင်းကြည့်တာကို ဖြိုခွင်းတာပါ။ အဲဒီအချိန်မှာ နောက်ထပ်ရဲတွေ ရောက်လာပြီး ကုန်းတံတား ပတ်ဝန်းကျင်က သူတွေကို ပစ်တာ။ ပစ်တာမှ ဆက်တိုက်ဆိုသလို ပစ်နေတာ။ အဲဒီလို ပစ်ခတ်မှုကြောင့် ခေါင်းဆေးကျွန်းပိုင်းက အဝတ်လျှော်တဲ့ အမျိုးသမီး ဦးခေါင်း ကျည်ထိမှန်ပြီး မြောင်းထဲမှာ ပစ်ချထားတာကို တွေ့ရှိခဲ့ရတယ်” လို့ မြို့ခံတွေက ပြောပါတယ်။
ခရိုင်ရဲတပ်ဖွဲ့ရုံးက ဒုရဲအုပ် ၁ ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့ပြီး ၄ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုအချိန်ထိတော့ ဒုရဲအုပ် ၁ ဦး ကျည်ထိမှန်သေဆုံးမှုနဲ့ပတ်သက်ပြီး ဘယ်လိုထိတယ်၊ ဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
ညနေ ၄ နာရီ ၅၀ လောက်မှာတော့ ရဲတပ်ဖွဲ့တွေက ပဲခူးတိုင်း တိုင်းရုံးထဲအတိုင်း ပြန်လည်ဆုတ်ခွာသွားသလို ဆန္ဒပြသူတွေလည်း လူစုခွဲခဲ့ကြတယ်လို့ ဆိုပါတယ်။
ပဲခူးမြို့ မှော်ကန်ရပ်ကွက်နဲ့ ဆိုရှယ်လစ်ရပ်ကွက်ထိပ်မှာလည်း ဒီနေ့မနက်ပိုင်းက ပိတ်မိနေတဲ့ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နှစ်ဘက်ပိတ်ပြီး ပစ်ခတ်ဖြိုခွင်းတဲ့အတွက် အမျိုးသား ၁ ဦး ဘယ်ဘက်ရင်အုံ ကျည်ထိမှန်ကျဆုံးသွားပြီး ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။