DVB
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားရာချီ ဝဲကျွန်း သပိတ်စစ်ကြောင်းကို ဒီနေ့မနက် ၁၀ နာရီလောက်က စစ်တပ်နဲ့ရဲတပ်ဖွဲက သေနတ်၊ မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ဖြိုခွင်းတာကြောင့် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဆန္ဒပြ အမျိုးသားတဦး ဗိုက်မှာ သေနတ်ကျည်ထိမှန်ခဲ့တာကြောင့် မယ်ဒီလန်း ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့သူတွေကို စစ်တပ်နဲ့ရဲက နေအိမ်တွေထဲအထိ လိုက်လံဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။
“ကျည်အစစ်နဲ့ထိတာ ယောကျ်ားတယောက်။ ပစ်ခတ်ဖြိုခွင်းပြီး နေအိမ်တွေထဲ ဝင်ပြေးတဲ့သူတွေကိုလည်း လိုက်ဖမ်းတာ။ ဒဏ်ရာရတဲ့ တယောက်ကို မယ်ဒီလန်းဆေးရုံ ဆိုင်ကယ်နဲ့ ခေါ်ဆောင်သွားတယ်၊ အခြေအနေတော့ မသိရသေးဘူး။”
ဒီနေ့ မနက် ၁၁ ခွဲလောက်အထိ ရပ်ကွက် နေအိမ်တွေထဲ ဝင်ပြေးကြတဲ့ ဆန္ဒပြပြည်သူအချို့ ပိတ်မိနေသေးတယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့မှာ အင်အား ၁၀၀ ဝန်းကျင်ရှိ ပညာရေးဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေနဲ့ ပြည်သူတွေရဲ့ ကြက်စားပြင် သပိတ်စစ်ကြောင်းကတော့ ဖြိုခွင်းခံရတာမရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ထားဝယ်မြို့မှာ စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်နေပေမယ့် သပိတ်စစ်ကြောင်း နှစ်ခုခွဲပြီး နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတာပါ။
ထားဝယ်မြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံထားရသူ ၁၇ ယောက်ကို ထားဝယ်အကျဉ်းထောင်မှာ ထားရှိပြီး ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) တွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ကိုရန်နိုင် (ထားဝယ်)