Home
မြန်မာသတင်း
ကယားရဲဝန်ထမ်း ၂၀ CDM တွင် ထပ်မံပူးပေါင်း၊ စုစုပေါင်း ၁၅၀ ရှိလာ
DVB
·
March 6, 2021

ကယားပြည်နယ် ရဲတပ်ဖွဲ့ဝန် အယောက် ၂၀ ဟာ မတ်လ ၅ ရက်နေ့ညနေပိုင်းနဲ့ ၆ ရက်နေ့မနက်ပိုင်းက CDM ပြုလုပ်လာကြောင်း ကယားပြည်နယ် သပိတ်ကော်မတီက မတ်လ ၆ ရက်နေ့ ပြုလုပ်တဲ့ ငြိမ်းချမ်းစွာ လူထုချီတက်ဆန္ဒပြပွဲမှာ ကြေညာခဲ့ပါတယ်။ 

ဒါ‌ကြောင့် ကယားပြည်နယ်မှာ CDM ဝင်ရောက်တဲ့ ရဲတပ်သား  ၁၅၀ ကျော် ရှိပြီလို့ သပိတ်ကော်မတီအဖွဲ့ဝင်တဦးက ပြောဆိုပါတယ်။ 

“ကယားပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်အားလုံး ၆၀၀ နီးပါးရှိပါတယ်။ အဲဒီထဲကနေ အခု ၁၅၀ ကျော် ကျနော်တို့နဲ့အတူ လူထု CDM လုပ်နေပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့လည်း ကျနော်တို့ ပြည်သူလူထုကလည်း အားရှိစေချင်ပါတယ်။ တချို့ social media တွေမှာ ပြောနေကြတယ်၊ CDM တွေ အားနည်းသွားပြီ၊ ရုံးပြန်တက်နေပြီဆိုတဲ့ဟာကလည်း အမှန်မဟုတ်ပါဘူး။ အဲတော့အ ချင်းချင်းအားယူကြမယ်။ ကျနော်တို့ ဒီနေ့ဆိုရင်လည်း မျက်မြင်ကိုယ်တွေ့ပါပဲ အားလုံး ရဲတပ်ဖွဲ့ဝင်တွေ ၁၅၀ ကျော် ကျနော်တို့ ကယားပြည်နယ်မှာ CDM လုပ်ပါပြီ။ ဒါတနိုင်ငံလုံးရဲ့စံချိန်ပါပဲ။ အဲလိုလုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးရဲ့ လုံခြုံရေး၊ စားဝတ်နေရေးအကုန်လုံး အစစအရာရာကို ဒီက ပြည်သူလူထုရဲ့ ပံ့ပိုးမှုနဲ့ ကျနော်တို့ သပိတ်ကော်မတီကနေ အစစအရာရာအားလုံးအဆင်ပြေအောင် လုပ်ဆောင်ပေးနေတာကိုလည်း ကျနော်ဒီကနေ ကြေညာချင်ပါတယ်။ ပံ့ပို့တဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ”

အလားတူ လူထုချီတက်ဆန္ဒပြပွဲမှာပဲ CDM ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ဂျွန်ဘော့စကိုက လူထုတွေကို တင်လီဖုန်းကနေတဆင့် အားပေးစကား ပြောဆိုခဲ့ပါတယ်။

“ကျနော့်နာမည်က ရဲတပ်သား ဂျွန်ဘော့စ်ကို လနံပါတ် ၂၆၇၇၂၃  ခရိုင်လုံခြုံရေးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားပါ။ ပြည်သူလူထုတွေ အားမငယ်ပါနဲ့၊ ပြည်သူလူထုကြားထဲမှာ ကျနော်တို့ အမြဲရှိနေပါတယ်။ ကျနော်တို့သာ ပြည်သူလူထုကြားထဲမှာ ကိုယ်ထင်မပြနိုင်ပေမယ့် အနောက်ကြောကနေ တဖက်တလမ်းကနေ ပါဝင်နေပါတယ်ဆိုတဲ့အကြောင်း အသိပေးချင်ပါတယ်။ ”

ဒီကနေ့  CDM ပါဝင်လာတဲ့ ဘောလခဲ့မြို့မ ရဲစခန်းက ရဲတပ်သား မောင်လုကာကတော့ “ကျနော်တို့က စစ်အာဏာရှင်အလိုမရှိဘူး။ ကျနော်တို့က ပြည်သူထဲက ပြည်သူပဲလေ။ ပြည်သူမလိုချင်တဲ့အချိန် ပြည်သူမုန်းနေတဲ့ လူတယောက်အနေနဲ့ မနေချင်တော့ဘူးပေါ့။ ရဲကို သူများအားမကိုးတော့ဘူး အဲလိုမျိုးဖြစ်နေတယ်” လို့ ပြောပါတယ်။ 

အလားတူ CDM လုပ်လာတဲ့ ဖရူဆိုမြို့နယ်ရဲစခန်းက ရဲတပ်တသား မောင်စိန်ကလည်း “ အဓိကတော့ စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့လို့ ပြီးတော့ စစ်တပ်ကနေပြီးတော့ ကျနော်တို့ ရဲယူနီဖောင်းဝတ်ပြီးတော့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်တာကို လက်မခံလို့  CDM ပါဝင်ခြင်းဖြစ်တယ်။ ”

ကယားပြည်နယ်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး တာဝန်ဆောင်နေတဲ့ ရဲတပ်သား ၄၀ လူထုနဲ့အတူ ပူးပေါင်းပြီး CDM စတင်လုပ်ဆောင်ခဲ့ရာ ဒီကနေ့ မတ်လ ၆ ရက်နေ့အထိ ရဲတပ်သာ ၁၅၀  ကျော် CDM လုပ်ဆောင်တဲ့အတွက် တနိုင်ငံလုံးမှာ အများဆုံးဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024