Home
မြန်မာသတင်း
DVB သတင်းထောက်ကို စစ်တပ်က မည်သည့်နေရာ၌ ဖမ်းဆီးထားမှန်းမသိရသဖြင့် မိသားစု စိုးရိမ်
DVB
·
March 2, 2021

DVB သတင်းဌာနရဲ့ မြိတ်မြို့အခြေစိုက် သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခေါ်) ကိုအောင်ကျော်ကို စစ်တပ်က မနေ့ညကတည်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး ခုအချိန်အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးလို့ မိသားစုက စိုးရိမ်ပူပန်နေပါတယ်။

ကိုအောင်ကျော်ကိုဖမ်းဆီးသွားတဲ့အတွက် မြိတ်မြို့နယ်မြေ ရဲစခန်းမှာ မိသားစုက လူပျောက်တိုင်ကြားရာမှာလည်း ရဲတပ်ဖွဲ့က  အမှုလက်ခံခြင်းမရှိပဲ  ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ကိုအောင်ကျော်ရဲ့ ဇနီး မနေခြည်မိုးထက်က “ ညီမ ဒီမနက်ကျတော့ ရဲစခန်းကို ညီမသွားတယ်။ စခန်းမှူးကိုသွားတွေ့တယ်။  မနေ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ လူပျောက်တိုင်ချင်တယ်လို့ ပြောတယ်။ စခန်းမှူးကိုယ်တိုင်နဲ့တွေ့ရပြီးတော့ စခန်းမှူးက ဒီလိုမျိုးအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတာသည် လူပျောက်တိုင်လို့ရတဲ့အမှုမဟုတ်ဘူးလို့ ပြောတယ်။ သူတို့ စစ်ဆေးမေးမြန်းချင်လို့ ခေါ်သွားတာလို့ ပြောတယ်။ အဲတော့ ညီမက စစ်ဆေးမေးမြန်းချင်လို့ခေါ်သွားတာဆိုရင် ဘယ်ကိုခေါ်သွားလဲ။ မိသားစုဝင်နဲ့တွေ့ခွင့်မပေးဘူးလား။ သူ့ဇနီးတယောက်အနေနဲ့ တွေ့ခွင့်မရှိဘူးလားလို့ ပြောတော့.. အဲလို တွေ့ခွင့်မရှိပါဘူးလို့ပြောတယ်။ ”

မြိတ်ရဲစခန်းကို ဒီနေ့မွန်းလွဲ ၂ နာရီ ကျော်လောက်မှာ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာလည်း ကိုအောင်ကျော်ကို ဘယ်မှာဖမ်းတားတယ်ဆိုတာ မသိဘူးလို့ တာဝန်ကျ ရဲတပ်ဖွဲ့ ဝင် တစ်ဦးကဖြေပါတယ်။

သားဖြစ်သူ ကိုအောင်ကျော်ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး  မိခင်ဖြစ်သူ ဒေါ်သန်းသန်းဝင်းက “ရှင်းရှင်းပြောရရင် ကျမသားက သတင်းသမားဆိုတော့ သတင်းကတော့ပို့မှာပေါ့။ ဒါမတရားလုပ်တာလေ။ ကျမ ဘယ်လိုလုပ်ပြီးတော့ ခံနိုင်မှာလဲ။ (...ငိုနေ..) ကျမ ရင်ထဲမှာ ဘယ်လောက်ဆိုးနေတယ်ဆိုတာ ကျမဘာပြောရမှန်းမသိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညကတည်းက သူတို့ဖမ်းသွားတဲ့ဥစ္စာတွေက အထဲမှာ အသံလေးကြားနေရတာကို ကျမနားထဲမှာ မထွက်ဘူးဖြစ်နေတာ။ အော်သံတွေကို ၊ အော်သံတွေကြားနေတာ ကျမ ရင်ထဲမှာ ဘယ်လိုလို့ ကောင်းမလဲ။ အမေလေ..”

ကိုအောင်ကျော်ရဲ့ဖခင်  ဦး‌အေးသောင်းကလည်း “သူတို့မတရားလုပ်ထားက ကိုယ်က သိတယ်လေ။ ဘယ်ခံချင်ပါ့မလဲဗျာ။  ဟုတ်တယ်မဟုတ်လား မတရားလုပ်တာကြီးကို”၊ “ သားနဲ့ပတ်သက်လို့ကတော့ လွတ်လာရင်တော့ ကောင်းတာပေါ့” “ အခုကတော့ ဘယ်မှာမှန်းကိုမသိဘူး။ ကျနော်ကြားတာကတော့ မြို့မရဲစခန်းနဲ့ အချုပ်ထောင်လို့ ကြားတာပဲ အတိအကျတော့ မသိသေးဘူး။” လို့ပြောပါတယ်။

သတင်းထောက် ကိုအောင်ကျော်ကို မနေ့ ည ၁၀ နာရီခွဲကျော်လောက်မှာ  အာဏာသိမ်း စစ်ကောင်ရဲ့ လုံခြုံရေးတပ်သားတွေက နေအိမ်ကနေ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တာပါ။ 

ဖမ်းဆီးရာမှာ နေအိမ်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာ၊ သေနတ်ပစ်ဖောက် ခြိမ်း‌ခြောက်တာ၊ ဖမ်းဝရမ်းမပြသတာ၊  စစ်ကား ၆ စီး ၇ စီး အပါအဝင် လုံခြုံရေးတပ်သားများစွာနဲ့  ဝိုင်းထားတာ၊ နေအိမ်ကို အတင်းချိုးဖျက်ဝင်ရောက်တာ စတဲ့ အကြမ်းဖက် နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။ 

သတင်းပေးပို့တဲ့ အလုပ်ကို တရားဝင်လုပ်ဆောင်နေတဲ့ သတင်းထောက်တစ်ဦးကို အခုလို အဓမ္မအကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်တာကို DVB  သတင်းဌာနက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

သတင်းထောက် ကိုအောင်ကျော်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ သတင်းထောက်တွေ အားလုံးကို  ခြွင်းချက်မရှိ ချက်ချင်း  ပြန်လွှတ်ပေးဖို့ကိုလည်း ဒီဗွီဘီက တောင်းဆိုထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024