Home
မေးမြန်းခန်း
ဖမ်းဆီးခံ DVB သတင်းထောက် ကိုအောင်ကျော်၏ ဇနီး မနေခြည်မိုးထက်နှင့် မေးမြန်းချက်
DVB
·
March 2, 2021

DVB သတင်းဌာနရဲ့ မြိတ်မြို့အခြေစိုက် သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခေါ်) ကိုအောင်ကျော်ကို မတ်လ ၁ ရက် ည ၁၀ နာရီခွဲလောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ နေအိမ်ကို လာရောက်ပြီး  ကျောက်ခဲတွေအုတ်နီခဲတွေနဲ့  အကြမ်းဖက် ပစ်ခတ် နေအိမ်ကိုဝင်ရောက်ဖျက်ဆီးပြီး  ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံ DVB သတင်းထောက် ကိုအောင်ကျော်ရဲ့  ဇနီး မနေခြည်မိုးထက်ကို ဆက်သွယ် မေးမြန်းထားပါတယ်။ 

မေး- မနေ့ညတုန်းက ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အစလေးကို ပြောပြလို့ရလား၊ ဘယ်လို စဖြစ်တာလဲ။ 

ဖြေ- “ ညီမတို့က အိမ်မှာ မိသားစုဝင်က ၄ ယောက်ရှိတာပေါ့နော်။ အချိန်ကတော့ ၁၀ နာရီနဲ့ မိနစ် ၂၀ ဝန်းကျင်မှာ ကိုအောင်ကျော်က အပြင်မှာ မုန့်လေးထိုင်စားရင်းနဲ့  အရှေ့မှာ စစ်ကား ရပ်သံကြားလိုက်တယ်။ အရင်အမြဲတမ်းလိုလိုဆိုရင် အဲစစ်ကားတွေက အမြဲတမ်းဖြတ်နေကျဆိုတော့ ထူးထွေပြီးတော့ ညီမတို့လည်းထပြီးတော့ မကြည့်ဖြစ်ပါဘူး။ ဒီနေ့ကကျတော့ စစ်ကားရပ်သံကြားတာနဲ့ ကိုအောင်ကျော်ကထကြည့်တော့ စစ်သားတွေရဲတွေ ဆင်းလာတာတွေ့လိုက်တယ်။ တွေ့လိုက်ရတော့ အဲဒီအချိန်မှာပဲ ညီမတို့ရဲ့အောက် စီစီတီဗွီတွေကို ရိုက်ပြီးတော့ ခွဲသံကြားရတယ်။ တပြိုင်နက်ထဲမှာပဲ သူတို့အောက်ကနေပြီးတော့ ညီမတို့ရဲ့ သုံးလွှာအထိကို ခဲတွေနဲ့ပစ်ပေါက်တယ်။ အိမ်ပတ်ပတ်လည်ကိုခဲတွေနဲ့ ပေါက်ကြတယ်။ ပြီးရင် အောက်က အိမ်တံခါးတွေကို ရိုက်ဖျက်သံ ချိုးဖျက်သံတွေကိုလည်း ကြားရတယ်။ ”

မေး။ အဲဒါခွင့်တောင်းပြီးတော့  ကိုအောင်ကျော် (သို့မဟုတ်) ကိုကောင်းမြတ်လှိုင်လို့ ခွင့်တောင်းပြီးတော့ ဖွင့်ခိုင်းတာလား ဘယ်လိုမျိုးလဲ။ 

ဖြေ။ “ သူတို့က ဘာစကားတခွန်းမှ မပြောဘဲနဲ့ အဲလိုမျိုး ရိုက်လည်း ရိုက်ဖျက်တယ်။ အဲအချိန်မှာ ကိုအောင်ကျော်က ဘာဖြစ်တာလဲပေါ့။ ပြောစရာရှိရင် အေးဆေးပြောလို့ရတယ်။ သူ့ကိုခေါ်မယ်ဆိုရင်လည်း မနက်ဖြန်မှခေါ်ပါ။ ဒါမှမဟုတ်ရင် အခုခေါ်မယ်ဆိုရင်လည်း အေးအေးဆေးဆေး အကြည်တသာလိုက်ပါမယ်။ အဲလိုမလုပ်ပါနဲ့ဆိုပြီးတော့ သူတောင်းပန်တယ်။ ပြီးတော့ သူ့ရဲ့ ဒီဗွီဘီမှာ သူ Live လွှင့်ပါတယ်ရှင်။ ”

မေး။ အဲတော့ ဒီ Live လွှင့်တာကို  မြင်ရတဲ့ဟာက ပစ်တယ်၊ ပစ်တယ်၊ မပစ်နဲ့ဗျာ၊ မပစ်နဲ့ဗျာ အော်နေတာ ကျနော်တို့တွေ့လိုက်ရတယ်။ ခေါင်းကိုထိသွားပြီဆိုတာကလေ ဘာထိတာလဲ၊ သေနတ်ထိတာလား။ လောက်လေးခွထိတာလား သို့ မဟုတ်ဒုတ်ထိတာလား။

ဖြေ။ “ ခဲထိတာပါ။ ”

မေး။ အဲတော့ ဘာဖြစ်သွားလဲ ဦးခေါင်းမှာလေ။ 

‌ဖြေ။ “ အဲလို အိမ်ကို တောက်လျှာက်ခဲရော၊ လောက်လေးခွရော၊ အဲလိုပစ္စည်အစုံ မာကြောတဲ့ ပစ္စည်အစုံ အိမ်ကိုစုပြုံပြီးတော့ ဝင်လာတယ်။ ပြီးရင်မှန်ပြတင်းပေါက်တွေ အကုန် ကွဲကုန်တဲ့အချိန်မှာ ညီမ ဘယ်လိုမှ ကိုအောင်ကျော်နားကို ကပ်လို့မရဘူးဖြစ်နေတယ်။ ညီမဆီမှာလည်း ညီမရဲ့သမီးလေးအသက် ၂ နှစ်မပြည့်သေးတဲ့ သမီးလေးတယောက်ရှိတော့ သမီးကိုလည်း အရမ်းစိုးရိမ်တယ်။  ကိုအောင်ကျော်ကိုလည်း စိုးရိမ်တယ်။ ဒါပေမဲ့ အဲဒီကိုအောင်ကျော်နားကို ခဲတွေက တရစပ်ကျလာတာကို ညီမဘယ်လိုမှ ကိုအောင်ကျော်နားကို သွားလို့ မရဘူးဖြစ်နေတယ်။ အဲဒီအချိန်မှာပဲ အောက်ကနေပြီးတော့ ညီမတို့ရဲ့ အိမ်တံခါးကို ရိုက်ဖွင့် နေတဲ့ဟာ ပွင့်သွားတယ်။ ပွင့်သွားပြီးတော့ ညီမတို့နေတဲ့အထပ် ၃ လွှာအထိကို သူတို့က တက်လာ ကြတယ်။ တက်လာပြီးတော့ ညီမ ကိုအောင်ကျော်အနားကိုဘယ်လိုမှ အကပ်မခံဘူး။ ညီမနဲ့ ကိုအောင်ကျော်နားမှာ စစ်သားတွေရော၊ ရဲတွေရော အများကြီးပဲ။ ပြီးတော့ ညီမတို့က ဘာမှ ပေးပိုင်ခွင့်လည်းမရှိဘူး။ ညီမမေးတယ်။ ဘာကိစ္စနဲ့လာတာလဲ။ ဖမ်းဝရမ်းပါရဲ့လား၊ ဘာပုဒ်မနဲ့လဲ  ၊ ဘာကြောင့်ဖမ်းတာလဲ  သူတို့ဘာမှ ပြန်မပြောဘူး။ ပြန်မပြောဘဲနဲ့ လူကို အတင်းအဓမ္မ ဇွတ်ခေါ်သွားတယ်။ ပြီးတော့ ညီမက ညီမအမျိုးသားကို အောက်လိုက်ပို့ပါရစေ၊ အောက်ထပ်လေးကိုတော့ အဲဒါလည်း သူတို့လုံးဝလက်မခံပါဘူး။ ”

မေး။ သူတို့က အပေါ်တက်လာတာ စစ်သားရော၊ ရဲရောနော်။

ဖြေ။ ဟုတ်ကဲ့။ စစ်သားရော၊ ရဲရောပါ အစ်ကို။ အယောက် ၂၀ ကျော်ဝန်းကျင်တက်လာပါတယ်။ 

မေး။ သူက အိမ်ထဲမှာ ပစ္စည်းတွေဘာတွေ ရှာသေးလား။ 

ဖြေ။ “ အိမ်ထဲ အခန်းတွေကိုတော့ သူဝင်ကြည့်တယ်။ ရှာဖွေမှုပုံစံမျိုးတော့မဟုတ်ပေမယ့် အခန်းတွေအကုန်လုံးကိုဖွင့်ခိုင်းတယ်။ ဝင်ကြည့်တယ်။ ပြီးတော့ အိမ်တအိမ်လုံးမှာ တပ်ထားတဲ့ စီစီတီဗွီတွေကိုလည်း အကုန်ရိုက်ချိုးပြီးတော့ ဖျက်ဆီးသွားတယ်။ ”

မေး။ ပစ္စည်း၊ ပစ္စရတွေကော ခြေရာ၊ လက်ရာ ပျောက်တာ ပျက်တာရှိလား။ 

ဖြေ။ “အိမ်မှာက သူတို့ ကိုအောင်ကျော်ကို ခေါ်သွားပြီးတဲ့နောက်ပိုင်း ပြန်ပြီးတော့ ပြန်စစ်လိုက်တဲ့ အချိန်မှာ ကိုအောင်ကျော်ကိုင်တဲ့ဖုန်းတလုံးပါတယ်။ အိမ်ရဲ့ တံခါးပေါက်တွေ ဖွင့်တဲ့သော့တစုံအတွဲ လိုက် တစုံလုံးပါသွားပါတယ်။ အိမ်ရဲ ကားသော့ကိုလည်း ယူသွားပါတယ်။ ပြီတော့ လုပ်ငန်းသုံးဖုန်း ကောင်တာကိုလည်း ညီမတို့က ဆိုင်နဲ့အိမ်နဲ့တွဲဖွင့်ထားတော့  အောက်မှာ ဈေးဆိုင်အိမ်လေးဆိုတော့ အဲဒီဈေးဆိုင်အိမ်လေးမှာ ထားထားတဲ့ဖုန်းကိုလည်း ယူသွားပါတယ်။ ”

မေး။ အဲဒါတွေ‌ကော ရှာဖွေပုံစံတွေနဲ့ သိမ်းဆည်းယူသွားတာလား။ 

ဖြေ။ “ မဟုတ်ဘူးရှင်၊ ရှာဖွေပုံစံတွေနဲ့ပြောပြီး မယူသွားပါဘူး။ ပြီးတော့ ညီမကို လာပြီး အိပ်စောင့်ပေးတဲ့ ညီမရဲ့ ညီမ အငယ်ဆုံးလေး ဖုန်းကလည်း ပါသွားတယ်။ သူလက်မှာ ကိုင်ထားတာတွေ့တော့ သူ့ရဲ့ဖုန်းကိုပါ အဓမ္မယူသွားပါတယ်။ ပြီးတော့ သူတို့ရှာဖွေတဲ့ပုံစံမျိုး၊ သူတို့တာဝန်ရှိတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ သူတို့ပြန်မှပဲ အဲလိုယူသွားတဲ့ပစ္စည်းကို ညီမတို့ သိတာပါ။ ”  

မေး။ အဲတော့ သူတို့ထဲက တာဝန်ရှိသူတယောက်ပါမှာပေါ့။ သူက ဘာပြောလဲ။ ဘယ်ကိုခေါ်သွားမလဲ၊ ဘာအမှုလဲ၊ စသဖြင့် ပြောလား။

ဖြေ။ “ ဘာမှမပြောဘူး။ ညီမမေးတော့လည်း သူဘာမှမပြောဘူး။ ဘာမှမဖြေပါဘူး။ ”

မေး။ အခုကော ညီမတို့ ညကော၊ မနက်ကောစုံစမ်းတာ မြိတ်မြို့နယ် မြို့မရဲစခန်းက ဘာပြောလဲ။ 

ဖြေ။ “ ညီမ ဒီမနက်ကျတော့ ရဲစခန်းကို ညီမသွားတယ်။ စခန်းမှူးကိုသွားတွေ့တယ်။  မနေ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ လူပျောက်တိုင်ချင်တယ်လို့ ပြောတယ်။ စခန်းမှူးကိုယ်တိုင်နဲ့တွေ့ရပြီးတော့ စခန်းမှူးက ဒီလိုမျိုးအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတာသည် လူပျောက်တိုင်လို့ရတဲ့အမှု မဟုတ်ဘူးလို့ ပြောတယ်။ သူတို့ စစ်ဆေးမေးမြန်းချင်လို့ ခေါ်သွားတာလို့ ပြောတယ်။ အဲတော့ ညီမက စစ်ဆေးမေးမြန်းချင်လို့ခေါ်သွားတာဆိုရင် ဘယ်ကိုခေါ်သွားလဲ။ မိသားစုဝင်နဲ့ တွေ့ခွင့်မပေးဘူးလား။ သူ့ဇနီးတယောက်အနေနဲ့ တွေ့ခွင့်မရှိဘူးလားလို့ ပြောတော့.. အဲလို တွေ့ခွင့်မရှိပါဘူးလို့ပြောတယ်။ ”

မေး။ အခုနလေးတင်ပဲ အစ်ကို မြို့မရဲစခန်ကိုမေးတော့ ညက တာဝန်မှူးကျလို့ ညကဖြစ်သွားတာကို မသိဘူးပြောတယ်။ မြိတ်မြို့မှာ  ကိုအောင်ကျော်ဖြစ်တဲ့ကိစ္စက လူတိုင်းသိတဲ့ကိစ္စမဟုတ်ဘူးလား။

ဖြေ။ “ ညီမတို့အိမ်က လုံးဝမြို့လယ်ခေါင်တည့်တည့်မှာပါ။ နောက်ပြီး ဗဟိုလမ်းမကြီးတည့်တည့်မှာပါ။ အိမ်မှာလည်း တရပ်ကွက်လုံးလည်း လူနေထူထပ်ပါတယ်။ ဒါပေမဲ့ သူတို့လာတဲ့ ရဲနဲ့စစ်တပ်အင်အားက ၂၀၀ ကျော်ရှိတော့၊ ပြီးတော့ သေနတ်တွေအကုန်လုံးကိုလည်း မိုးပေါ်ထောင်ထားတယ်လို့ အနီးပတ်ဝန်းကျင်ကပြောပါတယ်။ အိမ်တအိမ်ကလည်း သံပုံးတီးပေးပေမယ့် အဲဒီအိမ်ကို စလိုက်မီးတွေနဲ့ထွန်းပြီးတော့ သေနတ်နဲ့ ပစ်လိုက်ရမလား၊ အခုချက်ချင်းမတီးနဲ့ ခြိမ်းခြောက်ပါတယ်။ အစ်ကို။ ”

မေး။ ဒါဆိုလို့ရှိရင် သူ့ကိုဘယ်မှာလားလဲဆိုတာကိုမသိဘူး။ ဘယ်တော့ပြန်ခေါ်ပေးမလဲဆိုတာ မသိဘူးပေါ့နော်။ 

ဖြေ။ “ဟုတ်ကဲ့ ။ အဲဒီအတွက်နဲ့ပတ်သက်ပြီတော့ စခန်းမှူးကိုယ်တိုင်က  တိကျတဲ့အဖြေ အခုထိ မပေးနိုင်သေးပါဘူး။ ”

မေး။ အဲဒါဆိုရင် ညီမလေး ကိုယ့်ခင်ပွန်းသည်ကို အဲလို အကြမ်းပတမ်းနဲ့ ကိုယ့်ရှေ့မှာတင် ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ်မှာ ညီမ ရင်ထဲမှာဘာရှိလဲ၊ ဘာတွေပြောစရာရှိမလဲ။ 

ဖြေ။ “အခုလိုမျိုး ဖမ်းဆီးခေါ်ဆောင်သွားတော့ ဘာပဲ ပြောပြောကိုယ့်ခင်ပွန်းကို ကိုယ့်မျက်စိရှေ့မှာ ခေါ်သွားတော့ အရမ်းကိုလည်း ကြောက်မိတယ်။ ပြီးတော့ အိမ်မှာကလည်း သမီးငယ်လေးရှိတော့ သမီးငယ်လေး ရှေ့တည့်တည့်မှာ အဲလို သူ့အဖေကို အဲလို ခေါ်သွားတဲ့မြင်ကွင်းကလည်း အရမ်းကို အကျဉ်းတန်လွန်းပါတယ်။ ပြီးတော့ ခေါ်သွားတဲ့အချိန်မှာ ဘာကြောင့်လဲ၊ ဘာအတွက်လဲလို့ မေးခွင့်မရတဲ့ဟာလည်း နိုင်ငံသားအခွင့်အရေး အရမ်းဆုံးရှုံးပါတယ်။ ”

မေး။ အခုနတခုလေး ကျန်သွားလို့ ကိုအောင်ကျော်ကို အောက်ကနေပစ်တဲ့ဟာက ခဲမှန်တာပေါ့၊ သေနတ်မှန်တာမဟုတ်ဘူးပေါ့နော်။ 

ဖြေ။ “ ဟုတ်ကဲ့ ။ ခဲမှန်တာပါရှင့်။ ”

မေး။ ပြီးတော့ အပေါ်တက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့အချိန်မှာ ကြိုးတုပ်တာ၊ လက်ထိပ်ခတ်တာ၊ ရိုက်နှက်တာ အဲလို တစုံတရာရှိလား။ 

ဖြေ။ “သူတို့က အပေါ်ကို ရောက်တာနဲ့ ကိုအောင်ကျော် ပတ်ပတ်လည်ဘေးမှာ ရဲက ၁၀ ယောက်လောက်နီးပါး ဝိုင်းသွားတယ်ပေါ့။ ညီမက ဘယ်လိုမှ သူ့အနားလည်း ကပ်ခွင့်မရဘူး။ ကပ်လို့တောင်မရတဲ့ အခြေအနေမျိုးဖြစ်သွားတယ်အစ်ကို။ သူ့ကို ကြိုးတုပ်ပြီး ခေါ်သွားတာလား၊ လက်ထိပ်ခတ်ပြီးခေါ်သွားတာလားဆိုတာလည်း ညီမကြည့်လို့မရပါဘူး။ ပြီးတော့ လာခေါ်တဲ့ အရာရှိကိုလည်း ညီမက ပြောပါတယ်။ ညီမ အောက်အထိဆင်းလိုက်ပို့ပေးပါမယ်ဆိုတော့လည်း ညီမပြောတာကို လက်မခံပါဘူး။ လိုက်လို့မရဘူး။ အပေါ်မှာပဲ နင်ကျန်ရစ်ဆိုပြီးတော့ ပြောတယ်။ ဒါဆို ညီမ အပြင်ဝရန်တာလေး ထွက်ကြည့်မယ်ဆိုတော့လည်းထွက်လိုက်တဲ့အချိန်မှာ သူတို့က ခဲတွေနဲ့ ထပ်ပစ်မလို့ လုပ်ပါသေးတယ်။ လူရိပ်တွေ့လို့ဆိုပြီးတော့၊ အဲဒီအချိန်မှာ စလိုက်မီး ကြောင့် မိန်းကလေးမှန်း သိသွားတဲ့အချိန်မှာ ဆက်ပြီးတော့မှ မပစ်တော့တာပါ။ ”

မေး။ ဒါဆိုရင် မှတ်ရလွယ်အောင် ပါသွားတဲ့ ပစ္စည်းအရေအတွက် ပြန်ပြီးတော့ ပြောပြပေးပါလား။ 

ဖြေ။ “ရှောင်မီဖုန်း ၂ လုံးပါသွားတယ်။  REDMI  ဖုန်း  ၁ လုံးပါသွားပါတယ်။  Hijet ကားသော့  Auto key တစုံပါသွားပါတယ်။ အိမ်တံခါးပေါက် ၄ ပေါက်လုံးဖွင့်လို့ရတဲ့ သော့တတွဲ ပါသွားပါတယ်။”

မေး။ ဒီပြင် ညီမလေး ထပ်ပြီးတော့ ပြောစရာများရှိဦးမလား။

ဖြေ။ “အဲလိုမျိုး ၁၀ နာရီကျော် ညအချိန်မှာ လူတွေအားလုံး အိပ်စက်အနားယူနေတဲ့အချိန်မှာ အကျဉ်းတန်လာပြီးတော့ အော်ဟစ်ဆူပူသောင်းကြမ်းပြီး မင်းမဲ့စရိုက်ဆန်ဆန် လုပ်သွာတာကိုတော့ ဘယ်လိုမှကို လက်ခံနိုင်စရာအကြောင်းလည်းမရှိပါဘူး။ ပြီးတော့ တာဝန်အရ မီဒီယာမှာ သတင်းယူနေတဲ့ သတင်းထောက်ကို အဓမ္မရိုက်နက်ဖမ်းဆီးသလိုမျိုး ကျနော်ဆင်းလာခဲ့ပါမယ်။ မပစ်ပါနဲ့တော့တောင်းပန်တဲ့အသံကိုတောင် လျစ်လျူရှုပြီးတော့ ပစ်ခတ်ပြီးတော့ အတင်းအဓမ္မ ဖမ်းဆီးသွားတာကိုလည်း သူ့ဇနီးတယောက်အနေနဲ့ အရမ်းကို ခံစားရပါတယ်။” 

ကျေးဇူးတင်ပါတယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024