ဧရာဝတီတိုင်းဒေသကြီးမှာ စစ်အာဏာရှင်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက် တရက်တည်း ဖမ်းဆီးခံရသူ အယောက် ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တိုင်းအတွင်းက မြို့နယ် ၂၆ မြို့နယ်လုံးမှာ ဖေဖော်ဝါရီလ ၇ ရက်က စတင်ပြုလုပ်လာခဲ့ပေမဲ့ ၂၈ ရက်နေ့မှာ စတင်ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့တာပါ။
ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြသူ ပုသိမ်မြို့မှာ ၂၀ ကျော်၊ မြောင်းမြမြို့မှာ ၁၄ ဦး၊ ဖျာပုံမြို့မှာ ၄ ဦး၊ ကျိုက်လတ်မြို့မှာ ၁ ဦးနဲ့ မအူပင်မြို့မှာ ၁ ဦးစီ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
တိုင်းအတွင်းက စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတဲ့မြို့နယ်တွေထဲက ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ မအူပင်၊ ကျိုက်လတ်နဲ့ လပွတ္တာမြို့နယ်တွေမှာ ရဲတပ်ဖွဲ့က ရာဘာကျည်၊ အသံဗုံး၊ မျက်ရည်ယိုဗုံးနဲ့ ရေအမြောက်ကားတွေ အသုံးပြုပြီး ဖြိုခွဲခံတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲချိန်မှာ ဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့အပြင် ဆေးအကူအဖွဲ့ဝင်တွေနဲ့ သတင်းထောက်တွေကိုပါ ဖမ်းဆီးခဲ့သလို ဖုန်းတွေကိုလည်း သိမ်းယူသွားတာပါ။
ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့ လူတွေထဲက ပုသိမ်မြို့နယ်က အမျိုးသမီး ၁ ဦးနဲ့ မြောင်းမြမြို့က ဖမ်းဆီးခံရသူ ၁၄ ဦးကိုတော့ ဖေဖော်ဝါရီလ ၂၈ ရက် ညပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်ဖြိုခွဲတဲ့ဖြစ်စဉ် မှတ်တမ်းတင် သတင်းရယူနေတဲ့ ပုသိမ်မြို့က မြန်မာသံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်းကိုတော့ ပြန်လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။