Live
Home
ရင်ဖွင့်စာ/ပေးစာ
သမ္မတ ဦးဝင်းမြင့်ထံသို့ ချက်သမ္မတ ပေးစာ
DVB
·
February 26, 2021

 အဆွေတော် ခင်ဗျား

အဆွေတော် ယခု ရင်ဆိုင်ကြုံတွေ့နေရသော အလွန်ခက်ခဲသည့် အခြေအနေနှင့် ပတ်သက်၍ ကျွန်ုပ်အနေဖြင့် လေးနက်စွာ စိုးရိမ်ပူပန်မိပါသည်။ အဆွေတော်၏ ငြိမ်းချမ်းသော ဒီမိုကရေစီတိုက်ပွဲလမ်းစဉ်ကို ကျွန်ုပ်အနေဖြင့် မမှိတ်မသုန် ထောက်ခံပါကြောင်း အခိုင်အမာ စိတ်ချစေလိုပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို ချက်သမ္မတနိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ ကျွန်ုပ်တို့အနေဖြင့် တရားဝင် ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်များကို ထောက်ခံပြီး၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲ၏ ရလဒ်ကို လေးစားလက်ခံရန် တောင်းဆိုပါသည်။

အဆွေတော် ခင်ဗျား၊ ချက်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းစဉ်အပေါ် ရေရှည်ကတိကဝတ်များ ရှေးကတည်းကပင်ထားရှိခဲ့ပြီး၊ မြန်မာပြည်သူလူထုအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ လွတ်လပ်မှု၊ လူ့အခွင့်အရေးနှင့် သာယာဝပြောမှုများကို မြှင့်တင်ရန် သင်၏ ကြိုးပမ်းမှုများကို ကျွန်ုပ်တို့ အမြဲတမ်းထောက်ခံပါသည်။

ကွယ်လွန်လေပြီဖြစ်သော ကျွန်ုပ်တို့၏ သမ္မတဟောင်း Václav Havel နှင့် ဒေါ်အောင်ဆန်းစုကြည်သည် မိတ်ဆွေများဖြစ်ပြီး၊ သူမနှင့်အတူ ရှုပ်ထွေးသည့် ဤအသွင်ကူးပြောင်းရေးလမ်းစဉ် အတွေ့အကြုံများကို ကျွန်ုပ်တို့ ဖလှယ်ခွင့်ရခဲ့ပါသည်။ ထိုအချိန်ကတည်းကပင် ချက်ပြည်သူ့သမ္မတနိုင်ငံသားများသည် မြန်မာနိုင်ငံရှိ ပြည်သူလူထုနှင့် ထူးခြားသည့် ဆက်နွှယ်မှု ရှိခဲ့ပြီးဖြစ်ပါသည်။

ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးခုခံကာကွယ်သူများ၊ သတင်းထောက်များနှင့် အနုပညာရှင်များအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ကျွန်ုပ်တို့အနေဖြင့် တိုက်တွန်းပါသည်။ ဒီမိုကရေစီဦးတည်ရာ လမ်းကြောင်းအပေါ် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိနိုင်ရန် ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ သံတမန်ရေးရာလမ်းစဉ်၊ ပြဋ္ဌာန်းချက်များအားလုံးကို အသုံးပြုသွားမည်ဖြစ်ပါသည်။

ချက်သမ္မတနိုင်ငံသည် အဆွေတော်နှင့် မြန်မာပြည်သူလူထုဘက်၌ ခိုင်မာစွာ ရပ်တည်ပါသည်။  

ဖေဖော်ဝါရီ ၂၄ ရက်ပေးပို့သည့်စာ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024