Home
မြန်မာသတင်း
PCG ထုတ်ပြန်ချက် ပြန်လည်ဆွေးနွေးတိုင်ပင်နေဟု ဦးလမိုင်ဂွန်ဂျာပြော
DVB
·
February 21, 2021

မြစ်ကြီးနားက အကြမ်းဖက်ဖြိုခွဲသူတွေနဲ့ ပြည်သူတွေကြား ညှိနှိုင်းပေးဖို့ အဖွဲ့ဝင်တွေနဲ့ ပြန်လည်ဆွေးနွေးနေတယ်လို့ PCG အဖွဲ့ပြောခွင့်ရ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) က ကြားဝင် ညှိနှိုင်းပေးတော့မှာ မဟုတ်ဘူးဆိုပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အခုလို ပြောတာ ဖြစ်ပါတယ်။ 

“အခုပြည်သူလူထု ၇၅ ရာခိုင်နှုန်းက လိုလိုလားလား ပြန်လည်လုပ်ပေးဖို့၊ မပစ်ထားဖို့ တောင်းဆိုလာကြတဲ့အတွက် လုပ်ဆောင်သွားဖို့ ပြန်စဥ်းစားပြီး အဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်နေ ကြပါတယ်။”

မြစ်ကြီးနားမှာ တပ်မတော် အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒစပြခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်ကစပြီး PCG က အများပြည်သူ ဆန္ဒထုတ်ဖော်သည့်နေရာတွေမှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေကြား ပြောဆိုဖြေရှင်းပေးတာ၊ ဖမ်းဆီးခံရသူတွေကို အာမခံနဲ့ ပြန်လွတ်လာအောင် ပြုလုပ်ပေးတာမျိုးတွေကို ဆောင်ရွက်ပေးနေတာပါ။

PCG အနေနဲ့ မိမိအသိစိတ်ဓာတ်နဲ့ ပြဿနာမဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်း ပါဝင်ပေးနေပေမယ့် ပြည်သူအချို့က အသားထဲက လောက်ထွက် စစ်တပ်လော်ဘီဆိုပြီး ဝေဖန်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး ခဏလေးနားရင် ကောင်းမယ်ဆိုကာ စာထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်တွေအဖြစ် ဦးလမိုင်ဂွန်ဂျာ၊ ဦးယွပ်ဇော်ခေါင်၊ ဦးခါပရာခွန်းအောင်တို့ ပါဝင်ပြီး အစိုးရတပ်မတော်နဲ့ KIO တို့အကြား ကြားဝင်ညှိနှိုင်းပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

မီးမီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024