Home
မြန်မာသတင်း
ရုရှားက မြန်မာစစ်တပ်ကို ဆက်ပြီးထောက်ပံ့နေဟု မော်စကိုသတင်းစာ ရေးသား
DVB
·
February 17, 2021

တရုတ်သံအမတ်ကြီးက သူ့ အိမ်နီးချင်း မြန်မာနိုင်ငံက အကျပ်အတည်းအတွက် စိုးရိမ်ကြောင်း ပြောဆိုပြီး စစ်အာဏာသိမ်းမှုမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကို ငြင်းဆိုအပြီးမှာ ရုရှားကတော့ မြန်မာစစ်တပ်ကို ဆက်ပြီးထောက်ပံ့နေတုန်းပဲလို့ ရုရှားအခြေစိုက် သမော်စကိုတိုင်းမ်စ် သတင်းဌာနက ဖေဖော်ဝါရီ ၁၇ ရက်မှာ ရေးသား ဖော်ပြပါတယ်။

တရုတ်အစိုးရဟာ မြန်မာစစ်တပ်နဲ့ရော အရပ်သားအစိုးရနဲ့ပါ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတယ်။ လက်ရှိနိုင်ငံရေးအခြေအနေဟာ တရုတ်က မြင်ချင်တဲ့ပုံစံ လုံးဝ မဟုတ်ဘူးလို့ တရုတ် သံအမတ်ကြီး ချန်းဟိုင်က ပြောပါတယ်။

မြန်မာစစ်တပ်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို ဖေဖော်ဝါရီ ၁ ရက်က ဖြုတ်ချပြီး တရားမဝင် လမ်းလျှောက်စကားပြောစက်ကို ပိုင်ဆိုင်မှုအတွက် ထုတ်ကုန်သွင်းကုန်ဥပဒေနဲ့ တရားစွဲပြီးကတည်းက နိုင်ငံတွင်း နေရာအမြောက်အမြားမှာ တော်လှန်ရေး စခဲ့တာပါ။ 

အာဏာသိမ်းမှုအတွင်း ရုရှားနိုင်ငံလုပ် သံချပ်ကာကားတွေကို မြန်မာနိုင်ငံအတွင်း မြို့တွေထဲမှာ လွှမ်းမိုးနေတာ တွေ့ရတယ်။ ဒါဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သြဇာကို ချိန်ညှိဖို့ ရုရှားကို မှီတွယ်ကြောင်း ထင်ဟပ်နေတယ်လို့ ဂျပန်အခြေစိုက် နိခဲအိ အေးရှ သတင်းဌာနက ရေးပါတယ်။ 

စစ်အာဏာမသိမ်းခင် တပတ်အလိုမှာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်ဂူဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စနစ်တွေ၊ ကင်းထောက် ဒရုန်းယာဉ်တွေနဲ့ ရေဒါပစ္စည်းကိရိယာတွေအသစ် ထောက်ပံ့ရေး သဘောတူညီချက်ရဲ့ အဆုံးသတ် အဆင့်တွေကို ဆောင်ရွက်ခဲ့တယ်လို့ နိခဲအိသတင်းဌာနက ဆိုပါတယ်။

ဒါ့အပြင် ရုရှားဟာ လေကြောင်းဘေးကင်းရေး သဘောတူညီချက်တွေကိုလည်း မင်းအောင်လှိုင်နဲ့အတူ  လက်မှတ်ရေးထိုးခဲ့တယ်။ သူဟာ ကျန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ရုရှားကို ၆ ကြိမ် သွားခဲ့တယ်လို့ သမော်စကိုတိုင်းမ်စ် သတင်းဌာနက ဆိုပါတယ်။

အာဏာသိမ်းအပြီး ရက်ပိုင်းအတွင်းမှာ မြန်မာဟာ ရုရှားရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး စပွတ်ညစ်ဖှိုက်ကို အတည်ပြုတဲ့ ၂၁ ခုမြောက်နိုင်ငံ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအတွင်း ဖမ်းဆီးခံတွေကို ပြန်လွှတ်ရေး ဆော်သြဖို့ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ မဲမခွဲတဲ့ ဆုံးဖြတ်ချက်ကို ရုရှားနဲ့ တရုတ်တို့ဟာ ကန့်ကွက် ခဲ့ပါတယ်။

ကုလလုံခြုံရေးကောင်စီက မြန်မာပြည် စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချမယ့် အရေးကိုလည်း  ပိတ်ဆို့ ဟန့်တားခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို တရုတ်အစိုးရက ပြစ်တင် ရှုတ်ချတာ မလုပ်တဲ့အပြင် အစိုးရ အပြောင်းအလဲလို့ တရုတ်အစိုးရမီဒီယာက ရည်ညွှန်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024