Home
မြန်မာသတင်း
မန္တလေး ပဲဈေးကွက်တွင် အရောင်းအဝယ်အေးပြီး ဈေးနှုန်းကျဆင်း
DVB
·
February 16, 2021

စစ်အာဏာသိမ်းပြီးနောက် မန္တလေးပဲဈေးကွက်မှာ ပြည်ပကို တင်ပို့တဲ့ ပဲမျိုးစုံအနေနဲ့ ဖေဖော်ဝါရီ ၁၂ ရက်က စတင်ပြီး အရောင်းအဝယ်အေးနေကာ ဈေးနှုန်းကျဆင်းလာတယ်လို့ မန္တလေး ပဲကုန်သည်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပြီး နှစ်ကူးနေ့ ပြီးနောက်ရက်တွေ မှာတော့ တချို့ပဲအမျိုးအစားတွေရဲ့ ဈေးနှုန်းတွေ ကျဆင်းလာတာဖြစ်တယ်လို့ ပဲကုန်သည် တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့က စိုးဝင်းမြင့် ပဲပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က “တရုတ်ပြည် ဝယ်လက်တွေက ဝယ်နေတဲ့ မြေပဲဆံ နောက် ဆီထွက်သီးနှံပေါ့။ နောက်တစ်ခု ပဲတီစိမ်း နှမ်း အဓိက ဒါတွေက အဓိက ပေါ့ ကျန်တဲ့ ပဲယင်းတို့ ထောပတ်ပဲတို့ ပဲကြီးတို့လည်း ဝင် တယ်ပေါ့။ အဓိက ကတော့ ပဲတီစိမ်းရယ် နှမ်းရယ် ဆီထွက်သီးနှံ မြေပဲဆံပေါ့။ ၁၂ ရက်နေ့က တော့ပြီးသွားပြီ နှစ်သစ်ကူးပွဲကတော့ပြီးသွားပြီ ပြီးသွားတော့ ပြီးသွားသော်လည်း အခြေအနေ အကြောင်းကြောင်းကြောင့် အရောင်းအဝယ်က ဟုတ်တိပတ်တိရယ်လို့ဖြစ်မလာဘူး။ ဈေးအနေနဲ့ကလည်း ကျဆင်းမှုတွေ ရှိတယ်။ နှမ်းဆိုရင်လည်း အခုအချိန်မှာ ဝယ်မယ့်သူ ဝယ်လက်ပျောက်နေတဲ့ သဘောရှိတယ်။ မြေပဲဆံအနေနဲ့ကတော့ ဖြစ်တယ်”လို့ ပြောပါတယ်။

ပြည်ပကိုတင်ပို့တဲ့ ပဲဈေးနှုန်းတွေဟာ ကျဆင်းနေတာဖြစ်ပြီး ပြည်တွင်းစားသုံးကြတဲ့ မြေပဲ အနေနဲ့ကတော့  ပုံမှန်ဈေးနှုန်းနဲ့အရောင်းအဝယ်ဖြစ်နေပေမဲ့ နှမ်းကတော့ အဝယ်လုံးဝ မရှိသလောက် ဖြစ်နေတယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။

ပဲတီစိမ်းရွှေဝါ ၃တင်းဝင်တစ်အိတ်ကို ဖေဖော်ဝါရီလဆန်းပိုင်းက ၁၃၀,၀၀၀ အထိရှိခဲ့ပြီး  အခုအချိန်မှာတော့ ၁၁၀,၀၀၀ ကျော်လောက်သာရှိတော့တာကြောင့် ရက်ပိုင်းအတွင်း တစ်အိတ်ကို ၁၀,၀၀၀ ကျော်လောက်ဈေနှုန်းကျဆင်းခဲ့တယ်လို့သိရပါတယ်။

အလားတူ အိန္ဒိယဝယ်လက်ရှိတဲ့ မတ်ပဲဟာလည်း ကျပ် ၉၅,၀၀၀  လောက်ကနေ ၈၅,၀၀၀  လောက်အထိ ဈေးနှုန်းကျဆင်းလာတယ်လို့သိရပါတယ်။

“အရောင်းအဝယ်ကတော့ ပဲတီစိမ်းအနေနဲ့ကတော့ အထိုက်အလျောက် ဝယ်တဲ့လူတော့ ရှိပါတယ်။ အိန္ဒိယ ဝယ်လက်တွေ ဝယ်နေကျ မတ်ပဲ၊ ပဲစင်းငုံ မတ်ပဲလည်း ထိုနည်းလည်းကောင်းပဲ။ မတ်ပဲဟာ သုံးတင်းတစ်အိတ်ကို ကိုးသောင်းခွဲကနေပြီးတော့ ဒီနေ့ဆိုရင် ကျနော်တို့ ရှစ်သောင်းခွဲလောက်ပဲ ရှိတော့တယ်”လို့ မန္တလေးက ပဲကုန်သည်တစ်ဦးက ပြောပါတယ်။

မတ်ပဲဝယ်လိုအားတွေဟာလည်း ပြည်တွင်း ပဲခွဲစက်တွေကသာ အဝယ်ရှိနေတဲ့ အခြေအနေ ဖြစ်နေတယ်လို့သိရပါတယ်။

ပဲမျိုးစုံထဲမှာ တရုတ် ဝယ်လက်က ဝယ်တဲ့ပဲအမျိုးအစား၊ အိန္ဒိယဝယ်လက်က ဝယ်တဲ့ ပဲအမျိုးအစားနဲ့ ပြည်တွင်းသုံးတဲ့ ပဲအမျိုးအစား သုံးမျိုး ရှိတယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။

သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - စိုးဝင်းမြင့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024