တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၁၈ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက ညမထွက်ရအမိန့် ၈ နာရီထက် ကျော်လွန်တာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီနေ့တွေက ဆိုင်ကယ်တွေ သိမ်းပြီး လူတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ထောင်ဒဏ်ချမှတ်ခံရသူတဦးရဲ့ သမီးဖြစ်သူက ပြောပါတယ်။
“အဲနေ့တွေက ငါးသွားသွင်းပြီး ပြန်လာတဲ့ ၃ ဦးရယ်၊ နောက် ဆိုင်ကယ်ဆီသွားထည့်တဲ့သူ၊ အလုပ်ကနေ အပြန်နောက်ကျပြီး ည ၈ နာရီခွဲကျော်မှ ပြန်လာတဲ့သူတွေလည်း ပါတယ်။ ဖမ်းပြီးတော့ တနင်္လာနေ့မှ ဆိုင်ကယ်ပြန်လာရွေးဆိုပြီးတော့ ဆိုင်ကယ်သိမ်းပြီး လူတွေကို ပြန်လွှတ်လိုက်တယ်။ အဲဒါ မနေ့ မနက်ပိုင်းက ဆိုင်ကယ်သွားရွေးတော့ အကုန်လုံးကို ဖမ်းပြီး အချုပ်ကားနဲ့တင်တယ်၊ နောက် တရားရုံးကို ခေါ်သွားပြီး ထောင်ဒဏ် ၁ လစီ ချလိုက်တာ။ လူတွေက ဒဏ်ပဲရိုက်မယ်ထင်တာ၊ မပြောမဆိုနဲ့ တခါတည်း ထောင်ချလိုက်တာ။”
ဖမ်းဆီးစဉ်က သိမ်းဆည်းခဲ့တဲ့ ဆိုင်ကယ်တွေကိုတော့ ပြန်ပေးလိုက်ပြီး ဖမ်းဆီးခံရသူအားလုံးဟာ မိသားစုနဲ့လည်း တွေ့ခွင့်မရကြဘဲ တပတ်တခါ အစားအသောက် ပို့တာပဲ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့မှာ ညမထွက်ရအမိန့် ၁၄၄ ထုတ်ပြန်ပြီးနောက် ပထမဆုံးအကြိမ် ဖမ်းဆီးပြီး ထောင်ဒဏ် ချမှတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
မြို့မှာ လူစိမ်းတွေ ဝင်တယ်ဆိုပြီး ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတော့ လုံခြုံရေးတွေက ဖမ်းဆီးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲတွေကို နေ့စဉ် အင်အား သိန်းချီ ဆန္ဒပြနေကြတာပါ။ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူတွေ၊ CDM မှာ ပူးပေါင်းပါဝင်တဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းတာတော့ မရှိသေးဘူးလို့ သိရပါတယ်။