Home
မြန်မာသတင်း
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် လူစိမ်းဝင်ရောက်သဖြင့် ရပ်ကွက်နေသူများ ဝိုင်းဝန်းဖမ်းဆီး
DVB
·
February 14, 2021

ညမထွက်ရအမိန့်ထုတ်ထားတဲ့ ရန်ကုန်အတွင်းက မြို့နယ်အချို့မှာ မနေ့ညက လူစိမ်းဝင်ရောက်တဲ့အတွက် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ပြီး ဝိုင်းဝန်းဖမ်းဆီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သင်္ဃန်းကျွန်း၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာဒုံ၊ ဒေါပုံ၊ အင်းစိန်ကမ်းနား၊ လှိုင်သာယာ အပါအဝင် မြို့နယ်အတော်များများမှာ လူစိမ်းဝင်တယ်ဆိုပြီး ရပ်ကွက်နေပြည်သူတွေက စိုးရိမ်ကာ သံပုံးတီး ဝိုင်းဝန်းဖမ်းဆီးထိန်းသိမ်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၈ ကျော်လောက်က ထောင်က လွတ်မြောက်လာတဲ့သူ ၃ ဦးဖမ်းမိထားပြီး ၁ ဦးမှာတော့ ၂ ပတ်စာ မက်သတုံးဆေးဘူးတွေ ပါရှိကာ ဆေးကို စစ်ဆေးပြီးတဲ့အချိန်ထိ ဖမ်းဆီးထားမယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ည ၈ နာရီ ဝန်းကျင် ပြည်သူတွေ သံပုံးတီးနေချိန် ရပ်ကွက်အတွင်း လူစိမ်းတွေ ဝင်ရောက်လာတာကြောင့် ဝိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်ပြီး ၃ ဦးက လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ရပ်ကွက်နေပြည်သူတွေရဲ့ တောင်းဆိုချက်အရ ဖမ်းဆီးမိထားတဲ့သူတွေကို ရပ်ကွက်ရုံးမှာသာထားမှာဖြစ်သလို အဖြစ်မှန် သိရတဲ့အချိန်ထိ မေးမြန်းသွားမယ်လို့ ဦးဆောင်ဖမ်းဆီးတဲ့ သူတွေက ပြောပါတယ်။ 

ဗိုလ်တစ်ထောင်မြို့နယ် ၄၄ လမ်း၊ ၄၃ လမ်း၊ ဗိုလ်ကလေးဈေးလမ်း၊ ၄၂ လမ်း၊ ၄၁ လမ်း စတဲ့လမ်းတွေမှာလည်း မနေ့ည ၁၀ နာရီလောက်က လူစိမ်း ၁၀ ဦးလောက် ဝင်ရောက်တယ်ဆိုပြီး ရပ်ကွက်နေပြည်သူတွေက သံပုံးတွေတီး ဝိုင်းဝန်းဖမ်းဆီးခဲ့ရာမှာ ၃ ဦး ဖမ်းမိခဲ့ပါတယ်။

 ဖမ်းမိတဲ့ ၃ ဦးထဲမှာ ၁ ဦးက မှားယွင်းဖမ်းမိတာဖြစ်ပြီး သူ့အိမ်က လာရွေးလို့ ပြန်လွှတ်ပေးလိုက်တယ်လို့ ရပ်ကွက်နေသူတဦးပြောပါတယ်။

“ညဘက်အချိန်မတော် ကိုယ့်ရပ်ကွက်အတွင်းမဟုတ်ဘဲ မထွက်ကြပါနဲ့၊ ခံရတဲ့လူက အတော်နစ်နာပါတယ်။ ဒါတောင် လက်လွန်ပြီး ကတုံးအတုံးခံလိုက်ရပါတယ်။” 

နောက် ၁ ဦးကတော့ ညဘက်အမှိုက်လိုက်ကောက်တယ်လို့သိရပြီး လည်ပင်း အောက်နားမှာ ဆေးထိုးအပ်နဲ့ ထိုးသွင်းထားတဲ့ မူးယစ်ဆေးကြောင့် မူးကြောင်နေတဲ့  လက္ခဏာတွေ့ရလို့ ရပ်ကွက်က စိန်ပေါကျောင်းမှာ ထိန်းသိမ်းထားပါတယ်။

တစ်ကိုယ်လုံး စက်ဆီသုတ်လိမ်းထားတဲ့ ၁ ဦးကတော့ လည်ပင်းမှာ ဆေးထိုးအပ်နဲ့ ထိုးသွင်းထားတဲ့ အပ်ရာ  ၂ ခုရှိပြီး သူ့ကိုတော့ ဘာမှ အတိအကျမသိရှိသေးတဲ့အတွက် စိန်ပေါကျောင်းမှာပဲ ရပ်ကွက်က ထိန်းသိမ်းပေးထားပါတယ်။

မင်္ဂလာဒုံမြို့နယ် ၂ က စံပြရပ်ကွက်ထဲမှာထဲမှာ ၁ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ သာကေတ ဒေါပုံ ရပ်ကွက်မှာလည်း အလားတူ ဖြစ်ရပ်မျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အင်းစိန် ကမ်းနားဘက်မှာလည်း လူစိမ်းဝင်တဲ့အတွက် ဖမ်းဆီးတာမျိုးရှိပြီး ညဘက် ရပ်ကွက်လမ်းတွေအလိုက် ပြည်သူတွေက လုံခြုံရေးယူထားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

တောင်ဒဂုံ ၂၂ ရပ်ကွက်မှာလည်း မီးကွင်းပစ်တယ်ဆိုပြီး မနေည ၉ နာရီအချိန်လောက်မှာ သံပုံးတွေတီးပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေအနေနဲ့ မီးကွင်းပစ်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေကြောင့် လမ်းအလိုက် လုံခြုံရေးယူကာ စောင့်ကြပ်မှုတွေ လုပ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024