ရခိုင်ပြည်နယ် သံတွဲမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြနေသူတွေကို ရဲက ကားနဲ့ဝင်တိုက် ဖြိုခွဲပြီးနောက် ဖမ်းဆီးသွားသူတယောက်ကို အာမခံနဲ့ ပြန်လွှတ်လိုက်ပါတယ်။
“သမီးအရွယ်ကျောင်းသူလေးကို ကားနဲ့ဖြတ်တိုက်တာတွေ့တော့ စိတ်က ထိန်းလို့မရတော့ဘူး။ ကားကို လက်သီးနဲ့ ထိုးလိုက်တယ်။ နည်းနည်းပိန်သွားတယ်။ အဲဒါမှာ ဖမ်းဖမ်းဆိုပြီး ရဲ ၇ ယောက်လောက်က ဝိုင်းဖမ်းပြီး ကားပေါ်တင်တာ။ သူတို့ နောက်ထပ် ဘာမှမလုပ်ပေမယ့် လူအုပ်နဲ့ဝိုင်းဖမ်းပြီး ကားပေါ်တင်တာမှာ မျက်နှာမှာ နည်းနည်း ဒဏ်ရာရတယ်” လို့ ဖမ်းခံရသူက ပြောပါတယ်။
သူ့ကို ဝတ္တရားနှောင့်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၃ နဲ့အမှုဖွင့်လိုက်ပြီး လူ ၂ ယောက်အာမခံပေးတာကြောင့် လွှတ်ပေးတာဖြစ်ပြီး တရားရုံးမှာ ဆက်လက်ရင်ဆိုင်ရမယ်လို့ အာမခံပေးခဲ့သူတယောက်က ပြောပါတယ်။
စစ်အာဏာဆန့်ကျင်ရေး ၅ ရက်မြောက် ဆန္ဒပြတာမှာ ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ လူထောင်ချီပါဝင်ပြီး လမ်းတလျှောက်မှာ ရဲနဲ့စစ်တပ်က တားဆီးနေခဲ့တာပါ။ ပြီးတော့ ဆန္ဒပြသူတွေဟာ ဥပဒေနဲ့ မညီဘူးလို့ လော်စပီကာတွေနဲ့ ကြေညာတာကြောင့် ဆန္ဒပြသူတွေဟာ သူတို့ကို ရှောင်ကွင်းသွားကြပြီး မြို့စွန်လမ်းကနေ မြို့ထဲကို ပြန်ဝင်လာနေတုန်း ကားတွေနဲ့ ဖြတ်တိုက်တာပါ။
ဒီလို ဖမ်းခံရတာနောက် လူရာနဲ့ချီ စုရုံးပြီး သူ့ကို ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ စုရုံးတောင်းဆိုခဲ့ပါသေးတယ်။
စံပယ်လမ်းမှာလည်း ဆန္ဒပြ လူတန်းကို ရဲတွေက ကားနဲ့ ဖြတ်တိုက်ပြီး လူတွေကို ဆွဲခေါ်ဖမ်းဆီးခဲ့ပေမယ့် မမိခဲ့ဘူးလို့ ဆန္ဒပြရာမှာ ပါဝင်သူတယောက်က ပြောပါတယ်။