မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အသွားအလာကန့်သတ်ထားတဲ့ မိတ္ထီလာစျေးအရှေ့ပြင် စည်သူရပ်ကွက်မှာ ဖေဖေါ်ဝါရီ ၁၁ရက်နေ့က ကိုဗစ်-၁၉ လူနာ ၁၄ ဦး ထပ်တွေ့တာကြောင့် ရပ်ကွက်တစ်ခုတည်း ဓာတ်ခွဲအတည်ပြုလူနာ ၄၉ ဦးအထိ ရှိလာတယ်လို့ မိတ္ထီလာခရိုင်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ခရိုင်ဆေးရုံအုပ်ဆရာဝန်ကြီးဒေါက်တာညွန့်စိန်က "စည်သူရပ်ကွက်က ကိုဗစ်-၁၉ လူနာ ၁၄ ဦး ထပ်တိုးတွေ့တယ်။ ရပ်ကွက်က လူနေသိပ်သည်းတော့ ကူးစက်တာများနေတာပါ။ ဆေးရုံမှာလည်း ကိုဗစ်လူနာတွေများနေတယ်။ ကိုဗစ်လူနာက ကူးစက်ရောဂါဆိုတော့ အဲဒီလူနာတွေအတွက် စားသောက်နေထိုင်ရေး စတာတွေ အခက်အခဲတော့ ရှိနေပါတယ်။ အတတ်နိုင်ဆုံးတော့ လုပ်ဆောင်ပေးထားပါတယ်" လို့ ပြောပါတယ်။
မိတ္ထီလာစျေးအရှေ့ပြင် စည်သူရပ်ကွက်မှာ ဖေဖော်ဝါရီလဆန်းက ဓာတ်ခွဲအတည်ပြု ကိုဗစ်-၁၉လူနာ ၁၀ ဦးကျော် စတင်တွေ့ရှိခဲ့ပါတယ်။ အသက် ၁ နှစ်အရွယ်ကစပြီး အသက် ၈၀ ကျော်အရွယ်အထိ အသက်အရွယ်အစုံမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့တာပါ။
မိတ္ထီလာဆေးရုံမှာ မနေ့ကအထိ ဓာတ်ခွဲအတည်ပြု ကိုဗစ်-၁၉ လူနာ ၃၂၆ ဦး ဆေးရုံဆင်းသွားသူ ၂၆၂ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ဆေးရုံမှာ ၄၇ ဦး ဆေးကုသမှူ ခံယူနေပါတယ်။
ဒီနေ့အတည်ပြု လူနာ ၁၄ ဦးကိုတော့ နေရာအခက်အခဲကြောင့် အမှတ် ၄ အထက်တန်းကျောင်းမှာ ထားရှိကုသပေးနေတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-မောင်မောင်လင်း