အကျဉ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းကို ညွှန်ကြားရေးမှူးချုပ်အဖြစ် အစမ်းခန့် တာဝန်ပေးအပ်လိုက်ကြောင်း အာဏာသိမ်းအစိုးရရဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နယ်မြို့တချို့မှာ အကျဉ်းသားတွေလွှတ်ပေးပြီး ထောင်ခါမယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့အသိုက်အဝန်းမှာ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီဗွီဘီအနေနဲ့ ဒီသတင်းကို တရားဝင်အတည်ပြုလို့ မရသေးပါဘူး။
မကွေးမြို့ခံ အကျဉ်းထောင်နဲ့နီးစပ်တဲ့သူတဦးက “အစိုးရအပြောင်းအလဲဖြစ်ရင် ထောင်ခါတယ်ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမဲ့လို့ အခုဟာက အစိုးရအပြောင်းအလဲ ဖြစ်လို့ ထောင်ခါတယ်ဆိုတာထက် အခုဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှုကို ပိုမိုရှုပ်ထွေးအောင် ရာဇဝတ်အကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် ထောင်ခါတယ်လို့ ယူဆရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အကျဉ်းသားတွေလွှတ်ပေးပြီး ထောင်ခါပါက ခိုးဆိုးလုနှိုက်နဲ့ ထောင်ကျခဲ့တဲ့ လူဆိုးလူမိုက်တွေ ပါလာမှာကို ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေနဲ့ပတ်သက်လို့ မကွေးဒေသခံ တစ်ဦးက “ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုကတော့ အာဏာသိမ်းတာလိုမျိုး၊ ဒါမျိုးအဖြစ်ဆိုးတွေကို တွေ့ကြုံဖြတ်သန်းဖူးတဲ့ ရင့်ကျက်တဲ့ အတွေ့အကြုံရှိပါတယ်။ အဲ့တော့ ဒါမျိုးတွေဖြစ်လာလို့ရှိရင်လည်း ပြီးခဲ့တဲ့ အတိတ်သမိုင်းသင်ခန်းစာတွေအရ ကျနော်တို့ ကိုယ့်ရပ်ရွာကို ကိုယ်စောင့်ရှောက်ဖို့အတွက် လူကြီးတွေ၊ လူငယ်တွေစုဝေးပြီးတော့ ကျနော်တို့ ကင်းစောင့်တာ၊ ဘာလို့ စုဝေးပြီးစောင့်ရှောက်ကြဖို့ လုပ်နေတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
မကွေးတိုင်းမှာတော့ အင်္ဂလိပ်လက်ထက်ကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ သရက်ထောင်နဲ့ ပခုက္ကူထောင်တွေရှိပါတယ်။ မကွေးအကျဉ်းထောင်ကတော့ ဆောက်လုပ်ပြီးစီးခါစပဲ ရှိပါသေးတယ်။