Home
မြန်မာသတင်း
မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြသူ ထိုင်းနိုင်ငံသား ၃ ဦး ဖမ်းဆီးခံရ
DVB
·
February 2, 2021

မြန်မာစစ်တပ်အာဏာသိမ်းမှုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့မှာ ဆန့် ကျင်ဆန္ဒပြသူတွေနဲ့ ထိုင်းရဲတွေအကြား အဓိကရုဏ်းဖြစ်ခဲ့လို့ ဆန္ဒပြသူ ၃ ဦး ဖမ်းဆီး ထိန်းသိမ်းခံရပြီး ရဲ ၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒီလှုပ်ရှားမှုကိုတော့ ဖေဖော်ဝါရီ ၁ ရက် ညနေ ၃ နာရီခွဲလောက်မှာ We Volunteer (WeVo) အမည်နဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဦးဆောင်ခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ သတ်မှတ်ခွင့်ပြုချိန်ထက် ပိုမိုခဲ့ကြတဲ့အတွက် ရဲတွေက ညနေ ၅ နာရီလောက်မှာ ဒိုင်းတွေ၊ လက်ကိုင်တုတ်တွေ ကိုင်ဆောင်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့ချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရပြီး ၆ နာရီလောက်မှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဆန္ဒပြသူတွေထဲက WeVo အဖွဲ့ဝင် ၃ ယောက်ဖြစ်ကြတဲ့ အသက် ၂၁ နှစ်အရွယ် ဝီချာဖာ ဆီရိကာစီဖန်၊ အသက် ၂၀ အရွယ် ဖန်နာဖက် ချန်သနန်ကူလ်နဲ့ ခီရာထီဆက်ခ် ဖန်ရနူးတို့ကိုတော့ ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ဆန္ဒပြသူတွေ အသုံးပြုခဲ့တဲ့ အသံချဲ့စက်တွေ တပ်ဆင်ထားတဲ့ ပစ်ကပ်ထရပ်ကားကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဆန္ဒပြသူတွေကိုတော့ ရန်နဝါရဲစခန်းကို ပို့ဆောင်ထားပြီး သူတို့ကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် အရေးပေါ်အခြေအနေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကတည်းက ထုတ်ပြန်ထားခဲ့တဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ အရေးပေါ်အမိန့်ကို ဆန့်ကျင်စုဝေးမှုနဲ့ စွဲချက်တင်အရေးယူသွားမယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ကြတဲ့ ရဲ ၁၄ ယောက်ကိုလည်း ဆေးရုံမှာ ကုသမှုခံ ယူနိုင်ဖို့ ပို့ဆောင်ထားခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

 ဓာတ်ပုံ- The Nation

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024