နေပြည်တော်မှာ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်အစိုးရအနေနဲ့ သီးသန့်ညွှန်ကြားထားတာ မရှိသေးဘူးလို့ နေပြည်တော်တိုင်းကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
တပ်မတော်အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးနောက်မှာ အစိုးရအဖွဲ့အတွင်း ကျန်းမာရေးဝန်ကြီးသစ် ပြောင်းလဲခန့်အပ်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး နဲ့ပတ်သက်လို့တော့ ညွှန်ကြားချက် မထုတ်ပြန်သေးတာပါ။
ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ယခင်ညွှန်ကြားချက်တွေအတိုင်းသာ ဆောင်ရွက်နေပြီး ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးဖို့နဲ့ပတ်သက်လို့လည်း ဝန်ကြီးဌာနညွှန်ကြားချက်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုး က ပြောပါတယ်။
“ကျနော်တို့လက်ရှိအထိကတော့ အရင်ညွှန်ကြားချက်တွေအတိုင်းပဲ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ကို သီးသန့်ညွှန်ကြားထားတာမျိုး မရှိသေးပါဘူး။ ဝန်ကြီးဌာနက ညွှန်ကြားလာတဲ့ အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။အခု ကျနော်တို့ ဒီစနေနေ့အထိတော့ ကျနော်တို့ ထိုးစရာရှိတဲ့ ကျနော်တို့ကို တာဝန်ပေးထားတဲ့သူတွေကို ထိုးပြီးပြီ ဖြစ်ပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးအနေနဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာပဲ ရာထူးက နုတ်ထွက်ကြောင်းကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်က တဆင့် အသိပေးခဲ့ပြီး တပ်မတော်အနေနဲ့ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းကို ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ထားတာပါ။
အာဏာသိမ်းထားပြီး ဖြစ်ပေမယ့်လည်း နေပြည်တော်အဝင်အထွက်ဂိတ်တွေကိုတော့ အရင်အတိုင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့သာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
ဒေါက်တာမြတ်ဝဏ္ဏစိုးက “ဂိတ်တွေကတော့ မူလအတိုင်းပဲ ကျနော်တို့ ဝန်ထမ်းတွေနဲ့ မနေ့ကတော့ ဆက်လုပ်နေတာ။ အခုလည်း ဆက်လုပ်နေဆဲပါဗျ။ နေပြည်တော်ဝင်လာရင် အရင်အတိုင်းကွာရန်တင်းလည်း ရှိပါတယ်။ ကွာရန်တင်းစင်တာတွေလည်း ရှိပါတယ်။ လုပ်နေကြပါတယ် ” လို့ ပြောပါတယ်။
ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့ကို မူလက ဖေဖော်ဝါရီ ၅ ရက်လို့ သတ်မှတ်ထားပေမယ့်လည်း ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစတင်ပြီး နိုင်ငံအတွင်းရှိလေဆိပ်တွေကို ပိတ်ထားလိုက်ပြီဖြစ်လို့ အိန္ဒိယနိုင်ငံက နောက်ထပ် ရောက်ရှိလာမယ့် ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ ဘယ်လိုစီစဉ်ထားလဲ မသိရသေးပါဘူး။