Live
Home
မြန်မာသတင်း
ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တွင် ကျပ်သိန်း ၁၂,၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
January 31, 2021

ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တွင် ကျပ်သိန်းပေါင်း ၁၂,၇၃၂ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့မှာ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန်က သတင်းအရ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတားမှာ အာကာစိုးမိုး(ခ)အာကာ မောင်းနှင်ပြီး ပြည့်စုံဦး လိုက်ပါလာတဲ့ ISUZU LIGHT TRUCK  မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်နောက်ခန်းကြမ်းခင်းအတွင်း  စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဆေးပြားတွေကို တန့်ယန်းမြို့၊ အမှတ် ၄ ရပ်ကွက်နေ စိုင်းနောင်(ခ)စိုင်းကျော်လင်းက တောင်ကြီးမြို့ကနေ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို သယ်ဆောင်ခိုင်းကြောင်း သိရပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့မှာလည်း ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ၁၂း၁၅ အချိန်မှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သက်သေတွေနဲ့အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အကောက်ခွန် ၃ လမ်းပေါ်မှာ ရွှေမိုးနှစ် မောင်းနှင်ပြီး နန်းဝင့်ဝင့်ဝါ လိုက်ပါလာသည့် Mark-II အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ ကာလပေါက်ဈေး ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ နေအိမ်မှာ ဝင်ရောက်ရှာဖွေရာ ကျပ်သိန်း ၄၃၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၂၀၀၀ အား ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့် အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024