မကွေးမြို့မှာ ဇန်နဝါရီ ၂၉ ရက်နေ့က ပိုးတွေ့လူနာတွေကို နေ့စဥ် ပို့ဆောင်ပေးနေတဲ့ KS လူမှုကယ်ဆယ်ရေးအသင်း ဦးဆောင်သူ ကိုစည်ဖြိုးသူ အပါအဝင် စေတနာဝန်ထမ်း ၅ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
KS လူမှုကယ်ဆယ်ရေးအသင်းက အနံ့ပျောက် ဖျားနာနေတဲ့ စေတနာ့ဝန်ထမ်း တစ်ယောက်ကို RDT နဲ့ စစ်ဆေးရာ ကိုစည်ဖြိုးသူ အပါအဝင် ၅ ယောက်မှာ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ပြီး တိုင်းပြည်သူ့ဆေးရုံက ငါးထပ်ဆောင်ဆေးရုံမှာ ကုသပေးနေတယ်လို့ မကွေးမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာရဲစိုးက DVB ကို ပြောပါတယ်။
KS လူမှုကယ်ဆယ်ရေးအသင်းမှာ အသင်းဝင် ၁၆ ယောက်ရှိပြီး ကိုဗစ်ကာလအတွင်းမှာ ရှေ့တန်းက ကူညီနိုင်ဖို့အတွက် ၅ ယောက်စီ အဖွဲ့ဖွဲ့ကာ ကိုဗစ်ရောဂါပိုး စစ်ဆေးတဲ့နေရာတွေ၊ ပိုးတွေ့လူနာတွေ နေ့စဉ်ခေါ်ဆောင်ပေးတဲ့နေရာမှာ အနီးကပ် အလှည့်ကျကူညီပေးနေတာလို့ သိရပါတယ်။
မကွေးမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၂၉ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၇၂ ယောက်ထိ ရှိလာပြီးတော့ သေဆုံးသူ ၁ ယောက်ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သတင်း-မင်းထီး