ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် အယောက် ၃၅၀ နဲ့ သေဆုံးသူ ၁၄ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၁၄ ယောက်အနက် ၁၃ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၇ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၃၇၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် အယောက် ၃၅၀ ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၈၆ ယောက် ရှိပြီး ပြည်သူ့ဆေးရုံတွေက ၂၇၃ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၁၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၅၁၉ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၉,၁၅၂ ယောက်၊ သေဆုံးသူ ၃,၁၀၃ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း အယောက် ၁၂၃, ၅၅၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Photo-MOHS